လူငယ် စွဲလန်းမှုနှင့် ပယင်းရောင်
“စိတ်ညစ်လို့ အရက်ကိုသောက်တယ် အရက်သောက်လို့ စိတ်ပိုညစ်တယ်၊ အကြောင်းရှာ တော့ ခေါင်းမှာချာချာလည်…”။ လူ့ဘဝရဲ့ အမောတွေကြားမှာ သီချင်းစာသားထဲကလို စိတ်ညစ် လို့အရက်သောက်တဲ့သူတွေ များပြားနိုင်ပေမယ့် တိုးတက်ပြောင်းလဲလာတဲ့ ဒီနေ့ခေတ်ရဲ့ လူနေမှု ပုံစံထဲမှာ လူငယ်တွေဟာ အားလပ်ချိန်မှာ ပျော်ပျော်ပါးပါးအပန်းဖြေစရာအဖြစ် ယမကာမှီဝဲမှု တစ်စတစ်စများပြားလာနေပါတယ်။
ကြိုက်လို့၊ အပေါင်းအသင်း သူငယ်ချင်းတွေ စုံလို့၊ ပျင်းလို့၊ မိဘကဆူလို့၊စိတ်ညစ်လို့၊ ရည်းစားနဲ့ကွဲလို့၊ စာမေးပွဲအောင်လို့၊ ရဲဆေးတင် လို့စသလို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်းပြချက် အမျိုးမျိုးနဲ့ သောက်သုံးကြသူတွေများတာကို အပြိုင် အဆိုင်တိုးပွားလာတဲ့ ယမကာဆိုင်တွေမှာ သောက်သုံး သူတွေလျော့မသွားဘဲ စည်ကားနေတာ ကြည့်တာနဲ့ သိနိုင်ပါတယ်။
တစ်ချိန်ကလူငယ်တွေစုံရင်သွားတတ်တဲ့ လက်ဖက်ရည်ဆိုင်တွေထက် အခုအချိန်မှာတော့ လူငယ်တွေဟာ အားလပ်ချိန်စုံဖို့ ချိန်းတတ်၊ သွားတတ်တာက ဘီယာဆိုင်တွေဖြစ်လို့နေပါပြီ။
“ အရင်ကကျွန်မတို့ရပ်ကွက်ရဲ့ လမ်းထိပ် တွေတိုင်းမှာ လက်ဖက်ရည်ဆိုင်တွေရှိတယ်။ ခုတော့ အဲဒီလက်ဖက်ရည်ဆိုင်တွေနေရာမှာ အရက်ဆိုင်၊ ဘီယာဆိုင်တွေ အစားထိုးရောက်နေတယ်”လို့ ကျောက်မြောင်းမှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် မစန္နီကပြောပြပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက် အခြေခံ အကျဆုံးစောင့်ထိန်းရမယ့် ငါးပါးသီလထဲမှာ အရက်(မူးယစ်စေတတ်တဲ့အရာတွေ) မသောက်သုံးဖို့ တားမြစ်ထားတဲ့အချက် ပါဝင်ပါတယ်။ မူးယစ်စေ တဲ့ ယမကာတွေကို သောက်သုံးပြီးတဲ့အခါ မကောင်းမှုကျူးလွန်ဖို့လွယ်ကူတာကြောင့် တားမြစ် ထားတဲ့ အရက်ကို ဒီနေ့ခေတ်မှာ လူငယ်တွေက လွယ်လွယ်ပဲ ပျော်ပျော်ရွှင်ရွှင် သောက်သုံးနေတာကို တွေ့မြင်နေရပါတယ်။
ယမကာအမျိုးအစားမျိုးစုံရှိတဲ့အနက် အရက်အမည်မခံတဲ့ ဘီယာ၊ ခေါင်ရည်၊ ထန်းရည်၊ ဓနိရည်၊ ကော့တေး၊ဝိုင် စတဲ့ သောက်သုံးစရာတွေ ဟာလည်း တစ်နည်းနည်းနဲ့ လူကိုမူးယစ်စေပါ တယ်။
လူငယ်အမျိုးသမီးတွေ အများဆုံးသောက်သုံး လေ့ရှိတဲ့ ဝိုင်ဟာ ပမာဏနည်းနည်းကို ပုံမှန် သောက်သုံးပေးမယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းစေ ပေမယ့် အလွန်အကျွံသောက်သုံးမိရင် ဘေးဖြစ် တတ်တာကို “ကျွန်မက ဝိုင်ကိုနည်းနည်းပဲသောက်ရင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ များသွားရင်သောက်ပြီး နောက်တစ်နေ့မှာ လက်တွေမှာ အရေပြားတွေကွာ ပြီး အရမ်းဆိုးတယ်။ လူတိုင်းကျွန်မလိုမဖြစ်ပေမယ့် ဘယ်ကိစ္စမဆို တန်ဆေးလွန်ဘေးပါပဲ” လို့ မစန္နီ ကပြောပါတယ်။
ခုချိန်မှာတော့ အရက်ကို အမျိုးသားတွေပါမက အမျိုးသမီးတွေပါ နှစ်သက်စွာသောက်သုံးလာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်လာတာဟာ ကိုရီးယား ကားတွေထဲမှာ အမျိုးသမီးတွေ ဆိုဂျူသောက်သုံး တာကိုကြည့်ပြီး အားကျလက်ခံလာတာမျိုးဖြစ်နိုင် သလို တခြားနိုင်ငံတွေမှာလို မြန်မာနိုင်ငံမှာ အရက်သေစာဝယ်ယူတဲ့အခါ အသက်အကန့်အသတ် နဲ့ သေချာစိစစ်ရောင်းချတာမျိုးမရှိဘဲ လွယ်လွယ်ကူကူ ဝယ်လို့ရနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အရက်ကို စသောက်ဖြစ်သူတော်တော်များများ ဟာအပေါင်းအသင်းတွေနဲ့အပျော်သဘောသောက် ကြရာကနေ အရက်ကို စွဲသွားတဲ့ လူငယ်တွေ ဒုနဲ့ ဒေးပါ။
“အရက်ကို မကြိုက်တော့ မကြိုက်ဘူး။ စသောက်ဖြစ်တာက ၁၀ တန်းအောင်စာရင်း ထွက် တဲ့ညက သောက်ဖြစ်တာ။ သူငယ်ချင်းတွေနဲ့”လို့ ဆိုသူက အသက် ၂၃ နှစ် အရွယ် ကိုကောင်းစံ ဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုဟာလည်း အပျော် သဘောနဲ့ စသောက်ရာက အရက်ကို ခုဆို တော် တော်လေး စွဲနေပြီလို့ ဆိုပါတယ်။
တချို့ကတော့ ဘီယာဟာ အရက်မဟုတ်ပါ ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့လည်း သောက် ကြပါတယ်။
“အရက်တော့ မကြိုက်ဘူး။ ဒါပေမဲ့ ဘီယာ တော့ သောက်ဖြစ်တယ်။ စိတ်ညစ်ရင် သောက်ဖြစ် တယ်။ သောက်လိုက်ရင် မူးသွားတော့ စိတ်ညစ်တာ တွေမေ့သွားတာပေါ့။ တစ်လကို တစ်ခါလောက် တော့ သောက်ဖြစ်ပါတယ်”လို့ ကုမ္ပဏီတစ်ခုတွင် ဧည့်ကြိုအဖြစ်လုပ်ကိုင်နေသူ အသက်၂၃နှစ်အရွယ် မဆုငယ်က ပြောပြပါတယ်။
အရက်၊ ဘီယာသောက်သုံးတာကြောင့် ရေရှည်မှာ ကျန်းမာရေးထိခိုက်နိုင်တာသိပေမယ့် ကိုယ်လုပ်ချင်တာကြောင့် ရှောင်ဖို့မရှိကြောင်း မဆုငယ်က ဆက်ပြောပြပါတယ်။
“ဘီယာသောက်တာကြောင့် ဗိုက်ရွှဲတာတွေ ဖြစ်တာသိပေမယ့် ရှောင်ဖို့တော့မတွေးမိပါဘူး။ သူ ငယ်ချင်းမွေးနေ့ပွဲတွေ၊ သူငယ်ချင်းတွေစုမိရင်၊ ပျော်ရင်သောက်မိတယ်။ ရောဂါရရင်လည်း ကိုယ် သောက်လို့ ကိုယ်ဖြစ်တာဆိုတော့ ဘယ်တတ်နိုင် မလဲ”
အရက်သောက်လိုက်တဲ့အခါ အသိတရားက ပုံမှန်မရှိတော့ဘဲ စိတ်ထင်ရာကို လုပ်မိတတ်ပါ တယ်။ ဒါကြောင့် တချို့ဆိုလမ်းပေါ်မှာ သီချင်း အော်ဆိုရင်ဆို၊ ဆဲချင်ဆဲ၊ လမ်းဘေး အိပ်ချင်အိပ်နဲ့ ပုံမှန် အတိုင်းမလုပ်ဖြစ်တာမျိုးကို အရက်သောက်ပြီး ကာမှ လုပ်တတ်ကြတာကိုလည်း တွေ့ရပါတယ်။
လူငယ်ဘဝမှာ အပျော်သဘောသောက် သုံးရာကနေ တဖြည်းဖြည်းနဲ့ အရက်ရဲ့သားကောင် ဖြစ်ပြီး အရက်သမားလုံးလုံးဖြစ်သွားတတ်ပါတယ်။ အရက်သောက်ထားတဲ့သူမှာ ပုံမှန်အသိစိတ်မရှိတာ မျိုးကို ကိုကောင်းစံက “အရက်ကိုသောက်လိုက်ရင် မမူးခင်က မလုပ်ရဲတာတွေ၊ မပြောရဲတာတွေကို မူးနေတော့ အရှက်မရှိ အကုန်လုပ်ရဲတယ်” လို့ ပြောပါတယ်။
အရက်သောက်ဖြစ်တဲ့အကြောင်းအရာ အမျိုး မျိုးထဲတွင် အရက်ကိုကြိုက်လို့ သောက်သုံးဖြစ်ရာ မှ အသည်းကြီးရောဂါခံစားခဲ့ရတဲ့ အသက်၂၅နှစ် အရွယ် ကိုကျော်လွင်က “ကျွန်တော်က သူငယ်ချင်း တွေနဲ့ သောက်ရာကနေကြိုက်သွားပြီးတစ်ယောက် တည်းလည်း သောက်တတ်သွားတာ။ ကျွန်တော် စစွဲသောက်တုန်းက အသက်၂၀ လောက်ရှိမယ်။ ကျွန် တော့်အသက် ၂၂နှစ်လောက်မှာ ဗိုက်အောင့်လို့ ပြတာ အသည်းရောင်နေတာသိလို့ အရက်ဖြတ်လိုက် ရတယ်”လို့ ပြောပြပါတယ်။
ကိုကျော်လွင်က အရက်ကြောင့် ရောဂါရတာ ကို သိပေမယ့် လုံးဝမဆင်ခြင်နိုင်ဘဲ တစ်ခါတစ်ရံ အပေါင်းအသင်း တွေစုံရင် ပြန်သောက်မိတတ်တယ် လို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလိုပြောပြပါ တယ်။
“အရက်က စွဲပြီးရင်ဖြတ်ဖို့ခက်တယ်။ အကြောင်းအမျိုးမျိုးပြပြပြီးတော့ကိုပြန်သောက်ဖြစ် တယ်။ အမှန်တော့ မသောက်ဖြစ်တာအကောင်းဆုံးပါပဲ”။
“အသက် ၁၆နှစ်ကတည်းက အရက်ကို စ သောက်တတ်တာ။ အခုက အရက်ကို အလုပ်တစ်ခု လိုနေ့တိုင်းသောက်ဖြစ်တယ်။ မသောက်ရင် အိပ် မပျော်လို့၊ အရမ်းကြီးကြိုက်လှတယ်လို့တော့ မဟုတ် ပါဘူး”လို့ ဒီဇိုင်နာအဖြစ်လုပ်ကိုင်နေသူ အသက် ၃၀နှစ်အရွယ် ကိုလတ်က သူ၏နေ့စဉ်အရက်သောက် သုံးရတဲ့ အကြောင်းကို ပြောပြပါတယ်။
အမျိုးအစားစုံပုံစံမျိုးစုံထုတ်လုပ်ထားတဲ့ အရက်တွေထဲမှာလည်း အတုအစစ်ရှိပြီး ခွဲခြားဖို့ မလွယ်ကြောင်း ကိုလတ်က ဆိုပါသေးတယ်။ ]]ရမ် အရက်တွေဆို အဖုံးကြည့်ပြီး၊ အရောင်အနုအရင့် ကြည့်ပြီးခွဲခြားလို့ရတယ်။ အတုသောက်မိလို့ အသက် အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကို အစစ်ထက်စာရင် ပိုထိခိုက်တာပေါ့}}လို့ ၎င်းင်းကဆိုပါတယ်။
ကိုလတ်ကဲ့သို့အရက်ကို ပျော်လို့၊ ပျင်းလို့၊ စိတ်ညစ်လို့ သောက်ရာကနေ အရက်မသောက်ရပါ က အိပ်မပျော်တဲ့အဆင့်အထိရောက်ကာ နေ့စဉ် မပြတ်သောက်သုံးနေသူများလည်း ဒီနေ့ခေတ်မှာ များစွာတွေ့မြင်နေရပါတယ်။
“အရက်ကိုစွဲသောက်တော့ ကျန်တဲ့ကျန်းမာရေး ချို့တဲ့တာတော့ မသိဘူး။ အသားတွေမည်းလာ တယ်၊ မျက်လုံးတွေနီလာတာတော့ သိသာတယ်” လို့ ကိုလတ်က ဆက်လက်ပြောပြပါတယ်။
တချို့ကျပြန်တော့လည်း အရက်ကိုကြိုက် လို့၊ သောက်ချင်လို့ သောက်ရတာမျိုး မဟုတ်ဘဲ ပါတီပွဲတွေ၊ ငြင်းမရတဲ့ပွဲမျိုးတွေမှာသာ သောက် ဖြစ်ကြပါတယ်။ အသက် ၂၁ နှစ် အရွယ် ကိုမင်း ဟိန်းက “စသောက်တုန်းကတော့ သူငယ်ချင်းတွေနဲ့ စသောက်ဖြစ်တာ။ နောက်လည်း မကြိုက်ပေမယ့် သောက်ဖြစ်မယ်ထင်တယ်။ ခုနောက်ပိုင်းပွဲတော် တော်များများက အရက်မဟုတ်ရင်တောင် ဝိုင် လောက်ကတော့ မပါမဖြစ်ပါနေတော့ ငြင်းဖို့ခက် ပါတယ်” လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ လူငယ်တွေ အရက်စွဲလို့ စိတ်ကျရောဂါဖြစ်ရတာအများဆုံးပါပဲ။ အရက် သောက်တာဟာ စိတ်ကျရောဂါဖြစ်ခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်”လို့ အရက် သောက်တာနဲ့ စိတ်ကျရောဂါဆက်စပ်မှုရှိတာကို စိတ်ရောဂါကုအထူးကုဆရာဝန်ကြီး ဦးဌေးမြင့်က ရှင်းပြပါတယ်။
အရက်မူးရင် စိတ်ညစ်တာတွေ ပျောက်မယ်၊ ခေတ္တခဏစိတ်ပျော်မယ် ထင်ရပေမယ့် တကယ့် တကယ်တမ်းမှာတော့ အရက်ကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးဟာ ကိုယ်စိတ်ညစ်နေတာထက် အများ ကြီးပိုခံစားပါတယ်။ ကိုယ်ခန္ဓာကျန်းမာရေးအရ ထိခိုက်နိုင်သလို၊ စိတ်ကျန်းမာရေးအရလည်း အရက်ကြောင့် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ သွား တွေ့နေရတဲ့ လူငယ်တွေလည်း အများအပြားပါ။
အဲလို မူးယစ်စေတဲ့အရာတွေကို သောက်သုံးနေ တဲ့သူတွေ အများအပြားရှိသလို အရက်ကို မကြိုက် လို့၊ အနံ့မခံနိုင်လို့လုံးဝမသောက်တဲ့ လူငယ်တွေ လည်းအများအပြားပါ။
“ ကျွန်မက အရက် မပြောနဲ့ ဘီယာသောက်မိရင်တောင် နောက်နေ့ကျ ရင် လက်ထိပ်ခြေထိပ်တွေရောင်လာတာ။ ပြီးတော့ အနံ့ လည်းလုံးဝမခံနိုင်ဘူး။ သောက်တဲ့သူတွေကို လည်း အပြစ်မပြောချင်ပါဘူး။ သူတို့ကြိုက်လို့ သောက်တာပဲ”လို့ပြောသူက အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
လူငယ်တွေ အရက်ကို ခဏတာ ပျော်ရွှင်မှု ကြောင့် သောက်ရာကနေ ဘဝပျက်တဲ့အထိ အလွန်အကျွံသောက်သုံးတာမျိုးမဖြစ်သင့်ကြောင်း ကိုလည်း ကျန်းမာရေးပညာရှင်များက ဆိုပါတယ်။
“နှစ်သစ်ကူးတဲ့ရက်တွေတိုင်းဟာ လူငယ် တွေအတွက် အရက်ကို လွတ်လပ်စွာသောက်ခွင့် ပေးလိုက်တယ် လို့ ထင်ပါတယ်။ ဒီလိုရက်တွေဆို လူငယ်တွေက လမ်းလယ်ကောင်မှာ နေ့ခင်း ကြောင်တောင်ကြီးမူးနေတာကိုတောင် ရှက်စရာရယ် လို့ မမြင်ကြတော့ဘူး” လို့ အသက် ၂၃ နှစ် အရွယ်ကိုညီက ဆိုပါတယ်။
အရက်တစ်ခုတည်းတင်မဟုတ်ဘဲဆေးလိပ်၊ ဆေးခြောက်တို့ကို မကောင်းဘူး၊ မသုံးသင့်ဘူးလို့ ဒီနေ့ခေတ်မှာ တားမြစ်လို့မရနိုင်တာမို့ ကျန်းမာရေး ကို အတတ်နိုင်ဆုံးမထိခိုက်အောင် သောက်သုံးသင့် တယ်လို့ အသက်၄ဝအရွယ် ဆောင်းပါးရှင် ကိုအံ့ဟိန်းက ပြောပါတယ်။
“ခုခေတ်လူတွေက နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေကြောင့် စိတ်ဖိစီးမှုတွေများတော့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ အရက်ကိုသောက် ကြတယ်။ အဲလိုသောက်တဲ့အခါကျန်းမာရေးသိပ် မထိခိုက်တဲ့အရက်မျိုးသောက်ဖို့လိုပါတယ်။ နာမည် ကြီးတဲ့အရက်တွေက အတုတွေများတယ်။ နိုင်ငံခြား အရက်ပေမယ့် နာမည်သိပ်မကြီးတာမျိုး (ကွက်ပျောက်အရက်) သောက် ရင်ဈေးလည်းသိပ် မကြီး၊ အတုနဲ့လည်း မမိနိုင်တာမို့ အန္တရာယ်သိပ် မရှိလောက်ဘူး။ ပြည်တွင်းဖြစ်အရက်တွေက ထုတ် တဲ့သူတောင် သူထုတ်တာပြန်မသောက်ရဲတာမျိုး ဖြစ်နေတယ်။ ဒီတော့ အရက်သောက်မယ်ဆိုရင် ပြည်တွင်းဖြစ်ကို အားမပေးသင့်ဘူး။ အရက်ထုတ် သူတွေ ကိုယ်ထုတ်တာကိုယ်သောက်ရဲတဲ့နေ့ရောက် လာရင်တော့ တစ်မျိုးပေါ့”လို့ ကိုအံ့ဟိန်းက ဆက် ပြောပါတယ်။
ချမ်းငြိမ်းဖြူ၊ဆွေငြိမ်းအေး