ကုသိုလ်ယူ နိဗ္ဗာန်ကူးတို့

သာသနာ့ အလံငယ်လေးများ စိုက်ထူထားသော ဆိုက်ကားများပေါ်တွင် တူညီဝတ်စုံ ဝတ်ဆင်ထားသည့် အနှေးယာဉ် လုပ်သားများ စုစည်း၍ တစ်စုံတစ်ရာကို စောင့်မျှော်ရင်း အသင့်အနေအထားနှင့် ရှိနေကြသည်။
“တရားနာကြွလာသူ မိဘပြည်သူများ အိမ်အပြန် သွားလာ လွယ်ကူစေဖို့ နိဗ္ဗာန်ကူးတို့အဖြစ် အနှေးယာဉ် လုပ်သားများအဖွဲ့က အိမ်အရောက် အခမဲ့ ပို့ဆောင်ပြီး လုပ်အားဒါန လှူဒါန်းမှာ ဖြစ်ပါတယ်” ဟူသော အသံသည် ညပိုင်းတရားပွဲအပြီး တရားနာ လာသူများဆီသို့ ပျံ့လွင့်လာသော အစီအစဉ် ကြေညာသူ၏ အသံဖြစ်သည်။
တရားပွဲအပြီး အိမ်ပြန်ကြသူ လူကြီးသူမများကို အခမဲ့ ကုသိုလ်ယူ၍ အိမ်ပြန်လိုက်ပို့ရန် တရားပွဲ စချိန် ညပိုင်း ၆ နာရီခွဲ ၇ နာရီလောက် ကတည်းက တရားပွဲကျင်းပရာ မြို့နယ်အတွင်းမှ အနှေးယာဉ် လုပ်သားများ စုဝေး၍ တရားပွဲ လမ်းထိပ်များတွင် စောင့်ဆိုင်းနေကြသည်မှာ ယခုနှစ်ပိုင်းအတွင်း မြင်တွေ့လာရသော ကုသိုလ်ယူမြင်ကွင်း ဖြစ်သည်။
“ဘယ်ကိုလိုက်ပို့ပေးရမလဲ အဘွား” “ဦးလေးနဲ့ အန်တီကြီး လာပါခင်ဗျာ။ ကျွန်တော်တို့ ကုသိုလ်ယူ နေတာပါ” “လုပ်အားဒါန အလှူပါခင်ဗျာ” ဆိုသော အသံများသည် ညဘက် တရားပွဲအပြီး တရားနာ လာကြသူများ အပြန်ကို အနှေးယာဉ် လုပ်သားများက ဆိုက်ကားနှင့် အိမ်ပြန် လိုက်ပို့ပေးရန် ပြောဆို ခေါ်ငင်နေကြခြင်း ဖြစ်သည်။
တရားပွဲအပြီး အချိန်ခဏလေး အတွင်းမှာပင် တရားနာလာသူ အသက်အရွယ်ရ အဘိုးအဘွား များကို တွဲကူကာ အနှေးယာဉ်များပေါ်သို့ ဖေးမ ခေါ်ဆောင်ပြီး အနှေးယာဉ် အစီး ၄၀ ဝန်းကျင်လောက် အစီအရီနှင့် တရားနာ ပြန်သူများ၏ လိုရာခရီးကို ပို့ဆောင်ရန် စတင်ထွက်ခွာခဲ့ကြသည်။
‘ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ အမည်ဖြင့်ကို ရန်ကုန်မြို့အနှံ့ရှိ အနှေးယာဉ် လုပ်သားများ စုစည်း၍ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါတွင် နေရာ အတော်တော်များများတွင် မြို့နယ်အလိုက် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်ဟု တာမွေမြို့နယ် အတွင်းရှိ အနှေးယာဉ် မောင်းနှင်သူ တစ်ဦးဖြစ်သူ ဦးတင်ဝင်းက ပြောပြသည်။
“ကျွန်တော်တို့ တာမွေမှာတော့ အဲဒီအသင်းကြီး ဖွဲ့ခဲ့တာက ဖေဖော်ဝါရီလ ၂၃ ရက်ကစပြီး ဖွဲ့ဖြစ်ခဲ့တာ။ မင်္ဂလာတောင်ညွန့်မြို့နယ်က အရင်ဖွဲ့ခဲ့တာ ကြာပါပြီ။ မင်္ဂလာတောင်ညွန့်က ကျွန်တော်တို့ကို လာပြောတဲ့အချိန်မှ ကျွန်တော်တို့ မြို့နယ်ကလည်း ဂိတ်အသီးသီးက ခေါင်းဆောင်တွေက ငါတို့ မြို့နယ်မှာလည်း ဒီလိုမျိုး လုပ်ရင် ကောင်းမယ်ဆိုပြီး ဂိတ်အသီးသီး တိုင်ပင်ပြီး ဖွဲ့ဖြစ်ခဲ့တာပါ” ဟု အသင်းဖွဲ့စည်း ဖြစ်ပုံကို အနှေးယာဉ် မောင်းနှင်သူ ဦးကျော်ဆန်းက ပြောဆိုသည်။
ထိုသို့ မြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုနှင့် ချိတ်ဆက်၍ ဂိတ်အသီးသီးရှိ ဗုဒ္ဓဘာသာဝင် အနှေးယာဉ် လုပ်သားအားလုံး စိတ်အား ထက်သန်စွာဖြင့် မြတ်သော လုပ်အားဒါန အလှူပြုလုပ် လာကြသည်ကို ဝမ်းသာစွာ မြင်တွေ့လာရခြင်း ဖြစ်သည်။
“အဓိကက အမျိုးသားရေး စိတ်ဓာတ်ပေါ့။ ဗုဒ္ဓဘာသာဝင်တွေပဲလေ။ တရားပွဲတွေ ရှိနေတော့လည်း ငါတို့တွေ ဒီလိုလုပ်မယ်ဆိုပြီး ဖွဲ့စည်းဖြစ်ခဲ့တာပါ။ တခြားမြို့နယ်က အရင်ဖွဲ့စည်းထားတာ တွေ့ရတော့ သူတို့ မြို့နယ်တွေကလည်း ဖွဲ့စည်းထားတယ်။ ငါတို့ မြို့နယ်တွေမှာလည်း ဖြစ်ရမှာပဲ၊ ကုသိုလ် ယူကြမယ်ဆိုပြီး ရပ်ကွက် အသီးသီးက ခေါင်းဆောင်ဂိတ်မှူးတွေ ညှိနှိုင်းလိုက်ပြီး ဖွဲ့စည်း လိုက်တာပါပဲ။ ပြီးတော့ နောက်လူတွေ အတွက်လည်း ဒီလိုမျိုးလေးစပြီး ဆောင်ရွက် ထားကြတော့ နောက်ပိုင်းကျရင် ပိုကောင်းသွားတာပေါ့” ဟု အသင်းဖွဲ့စည်း ဖြစ်ပုံကို တာမွေမြို့နယ်ရှိ အနှေးယာဉ် လုပ်သား ဦးခင်မောင်ဝင်းက ပြောပြသည်။
တရားပွဲများကို အဓိကအနေနှင့် လိုက်လံ ကုသိုလ်ယူရာတွင် အခက်အခဲ များများစားစား မရှိခဲ့သော်လည်း တရားပွဲများ ရပ်ကွက်အလိုက် တိုက်သည့် အခါမျိုးတွင် ကြုံရသည့်အခါ အခက်အခဲ ဖြေရှင်းပုံမှာလည်း မြို့နယ်အလိုက် အချင်းချင်း ကူညီရိုင်းပင်းမှု ရှိသည်ကို တွေ့ရသည်။
‘ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ တွင် ပါဝင်သော အနှေးယာဉ် လုပ်သားများသည် တရားပွဲတစ်ပွဲ ရှိပါက အားလုံး ပါဝင်ကုသိုလ် ယူကြကြောင်း၊ တရားပွဲ တစ်ပွဲနှင့်တစ်ပွဲ ထပ်နေပါက လူခွဲသွားခြင်းများ ရှိသကဲ့သို့ နီးစပ်ရာ မြို့နယ်မှ အနှေးယာဉ် လုပ်သားများလည်း လာရောက် ကူညီကြကြောင်း တာမွေမြို့နယ်မှ အနှေးယာဉ် လုပ်သားတစ်ဦး ဖြစ်သူ ဦးတင်ဝင်းက ပြောဆိုသည်။
တရားနာလာသူ မိဘဘိုးဘွားများကိုသာ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည် သာမကဘဲ ဥပုသ်သီလ ဆောက်တည်သော ဘိုးဘွားများကိုလည်း အသင်းသို့ ဆက်သွယ် အကြောင်းကြား လာပါက ဘုန်းကြီးကျောင်းများသို့ အခမဲ့ အကြိုအပို့ ဆောင်ရွက် ပေးခြင်းများလည်း ရှိကြောင်း အနှေးယာဉ် လုပ်သား ဦးခင်မောင်ဝင်းက အသင်း၏ အခြားကူညီ ပို့ဆောင်ပေးမှု များကိုလည်း ပြောဆိုသည်။
အနှေးယာဉ် လုပ်သားများ စုပေါင်း၍ ကုသိုလ်ယူ အလှူဒါနပြုခြင်းသည် ယခုမှ စတင်၍ ပြုလုပ်ကြခြင်းမျိုး မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကတည်းက နှစ်စဉ် ဂိတ်အသီးသီးမှ အနှေးယာဉ် လုပ်သားများက သက်ဆိုင်ရာ ဂိတ်အလိုက် ကထိန်ခင်းခြင်းဖြင့် ကုသိုလ်ယူခဲ့ကြခြင်း ဖြစ်သည်။
“ကထိန်ခင်းတဲ့ ကုသိုလ်ကတော့ နေရာအသီးသီးမှာ ရှိတဲ့ အနှေးယာဉ် လုပ်သားတွေ အားလုံးအတွက် မရှိမဖြစ် ပြုလုပ်နေကျ အစဉ်အလာ အလှူလို ဖြစ်သွားပြီ။ ကထိန်မှာ သေချာလှူဒါန်းနိုင်ဖို့ အနှေးယာဉ် လုပ်သား နေ့စဉ်လိုလို ကိုယ့်ချွေးနှဲစာထဲက ဖဲ့ဖဲ့ပြီးလှူသလို ရပ်ကွက်တွေထဲ လိုက်ပြီး အလှူကောက်ခံပြီး ကထိန်းခင်းကြတာ။ အခု ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ အလှူကျတော့ ကိုယ့်ရဲ့လုပ်အားကို အရင်းတည်ပြီး တရားနာလာတဲ့ လူတွေကို ကူညီပြီး ကုသိုလ်ယူကြတာပေါ့။ တစ်ခါတလေ တရားနာလာတဲ့ လူများရင် သုံးလေးခေါက်လောက် အခေါက်ခေါက်တောင် ကုသိုလ်ယူရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကထိန်ရော ဒီအခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ရေးရောက ကျွန်တော်တို့အတွက် စိတ်ကြည်နူးပီတိ အလှူတွေပါပဲ” ဟု နှစ်စဉ် ပြုလုပ်နေကျ ကထိန်အလှူနှင့် ဓမ္မဒါနကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအလှူ ပြုလုပ်ရခြင်းအပေါ် ခံစားရသည့် စိတ်ခံစားချက်ကို အနှေးယာဉ် လုပ်သား ဦးနိုင်လင်းက အပြုံးမျက်နှာနှင့် ပြောဆိုသည်။
ပင်ပင်ပန်းပန်း စီးပွားရှာရသည့် အထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် အနှေးယာဉ် ဆိုက်ကားနင်းသည့် အလုပ်ကို ပြုလုပ်ရသည့်အတွက် ညပိုင်းတွင် လူပင်ပန်းမှုဖြင့် ယခင်က ရပ်ကွက်များအတွင်း နှစ်စဉ် တရားပွဲများ ပြုလုပ်နေသည်ကို တွေ့မြင်ရသော်လည်း သွားရောက် နာယူခဲ့မှု မရှိသော်လည်း ယခုကဲ့သို့ တရားပွဲများသို့ သွားရောက်၍ အနှေးယာဉ် အခမဲ့အလှူ လုပ်ဆောင်ရသည့်အတွက် တရားနာယူခြင်း ကုသိုလ်ပါ ထပ်ပေါင်း ရရှိသည်ဟု အနှေးယာဉ် လုပ်သားများက အောက်ပါအတိုင်း တူညီစွာ ပြောပြသည်။
“အရင်တုန်းက တရားပွဲတွေကို သွားနာ ဖြစ်တယ်ဆိုတာ ရှားတယ်။ ဒါပေမဲ့ အခုလိုဓမ္မဒါန ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေး အသင်းကြီးဖွဲ့ပြီးတဲ့ နောက်တော့ ဆရာတော်ကြီးတွေ ဟောကြားတဲ့ တရားတော်တွေကိုပါ တစ်ခါတည်း နာယူဖြစ်တဲ့အတွက် အဓိက အလှူဖြစ်တဲ့ လုပ်အား အလှူရော တရားနာတဲ့ ကုသိုလ်ရော ကုသိုလ်နှစ်မျိုး ရတယ်။ ပြီးတော့ တချို့ ရပ်ကွက်တွင်းက စေတနာရှင်တွေကလည်း ကျွန်တော်တို့ အသင်းကြီးမှာ လိုအပ်တဲ့ တူညီဝတ်စုံလေးတွေ ချုပ်ဖို့ လှူဒါန်းတာတွေရှိတော့ ကျွန်တော်တို့အတွက် ပိုပြီးပီတိ ဖြစ်ရသလို အလှူလည်း အထမြောက်သလို ခံစားရတယ်”
ထိုသို့ အနှေးယာဉ် လုပ်သားများ၏ လုပ်အား ဒါနအလှူအပေါ် တရားနာ လာသူများကလည်း ကြည်နူးပီတိ ဖြစ်ကြရပြီး ထိုသို့ ပီတိပွား ကြည်နူးရသူများတွင် အဘွားဒေါ်တင်ညိုလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။
“အဘွားက တရားပွဲတွေမှာ နာနေကျ ဆိုပေမယ့် ဒီလိုမျိုး ဆိုက်ကားနဲ့ အိမ်တိုင်ရာရောက် လိုက်ပို့တာကို စီးရတာတော့ ပထမဆုံးပါပဲ။ ရပ်ကွက်ထဲ နေနေတော့ ဟိုနား ဒီနားသွားတာဆို ဆိုက်ကားနဲ့ သွားနေလို့ ခင်နေတဲ့ ဆိုက်ကားဆရာတွေ ရှိတယ်လေ။ သူတို့တွေက ဒီလိုစုစည်းပြီး တရားပွဲများ ကူညီကြတာ တွေ့ရတယ်။ ပြီးတော့ အဘွားတို့လို သက်ကြီးရွယ်အို တွေကိုလည်း ဖေးဖေးမမနဲ့ ကူညီနေတာ တွေ့ရတော့ အဘွားတို့လည်း သူတို့ ကုသိုလ်ယူတာကို သာဓုခေါ်မိတယ်” ဟု အသက် ၇၄ နှစ်အရွယ် အဘွားဒေါ်တင်ညိုက အပြုံးမျက်နှာနှင့် တရားပွဲအပြန် ကြုံခဲ့ရတဲ့ အနှေးယာဉ် လုပ်သားများ၏ ကုသိုလ်ယူမှုကိုအပေါ် သာဓုခေါ်မိပုံကို ပြောပြသည်။
“အရင်တုန်းက ကျွန်မက အနှေးယာဉ် လုပ်သားတွေရဲ့ နှစ်စဉ်ပြုလုပ်နေကျ အလှူတစ်ခုဖြစ်တဲ့ ကထိန်ခင်းဖို့အတွက် လော်စပီကာတွေ အကျယ်ကြီးဖွင့်တာ၊ ဟိုပေါင်ချိန်လို အရုပ်ကြီးတွေ၊ အိုပါဂန်းနန်းစတိုင်လို အရုပ်ကြီးတွေနဲ့ ရပ်ကွက်တွေထဲ လှည့်ပြီး နိုင်ငံခြားသီချင်းတွေ အကျယ်ကြီးဖွင့်ပြီး အလှူခံတဲ့ ပုံပြင်ဆင်တာကို သိပ်မကြိုက်ခဲ့ဘူး။ တခြားတော့ မဟုတ်ပါဘူး။ လော်စပီကာတွေ အကျယ်ကြီးဖွင့်တော့ နားမခံသာ ဖြစ်ခဲ့တာပေါ့၊ ပြီးတော့ နိုင်ငံခြား သီချင်းတွေနဲ့ကပြီး အလှူခံတဲ့ပုံစံက အမြင်မှာတစ်မျိုး ဖြစ်ခဲ့လို့ပါ။ နှစ်စဉ် သူတို့တွေ ကထိန်ခင်းဖို့အတွက် အများကြီး စုဆောင်းပြီး လုပ်ဆောင်နိုင်တာကို ဝမ်းသာပီတိ ဖြစ်မိပေမယ့်ပေါ့။ အခုလို တရားပွဲတွေမှာ ကျွန်မတို့လို လူငယ်တွေက တရားပွဲ ဖြစ်မြောက်ရေးအတွက် ဝေယျာဝစ္စ အလှူတွေ လုပ်နေသလို သူတို့အနှေးယာဉ် လုပ်သားတွေကလည်း တရားပွဲလာတဲ့ မိဘဘိုးဘွားတွေကို ကူညီပြီး ကုသိုလ်ယူကြတာ တွေ့ရတော့ ကျွန်မတို့လည်း သူတို့အလှူအတွက် မြင်ရတာနဲ့တင် စိတ်ချမ်းသာရတယ်၊ ပျော်ရတယ်” ဟု အသက် ၂၄ နှစ်အရွယ် မနှင်းရတနာက အနှေးယာဉ် လုပ်သားများ၏ ကထိန်အလှူ ပြုလုပ်ခြင်းထက် ယခုကဲ့သို့ အနှေးယာဉ် လုပ်သားများ၏ နိဗ္ဗာန်ကူးတို့ ပို့ဆောင်ရေးအလှူအပေါ် စိတ်ချမ်းသာ နှစ်သက်ရပုံကို ပြန်ပြောင်း ပြောပြသည်။
အနှေးယာဉ် လုပ်သားများ၏ လုပ်အားဒါန အလှူ အဆင်ပြေပြေ ပြုလုပ်နိုင်ရန်အတွက် တရားပွဲ စီစဉ် ကျင်းပသူများနှင့်လည်း ပူပေါင်း ဆောင်ရွက်ကြရပြီး တရားပွဲ စီစဉ်သူများကလည်း နီးစပ်ရာ အနှေးယာဉ် ဂိတ်များသို့ (အသင်းသို့) မည်သည့်နေ့ မည်သည့်ရက်တွင် တရားပွဲ ကျင်းပမည်ကို ကြိုတင် အကြောင်းကြားထားကြပြီး ‘ဓမ္မဒါန ကုသိုလ်ဖြစ် အနှေးယာဉ်အခမဲ့ ပို့ဆောင်ရေးအသင်း’ က ထိုနေ့တွင် အနှေးယာဉ် လုပ်သားများ စုစည်း၍ မဖြစ်မနေ သွားရောက်ကြခြင်း ဖြစ်သည်။
အချိန်ကား ညနေ ၇ နာရီထိုးရန် မိနစ်ပိုင်းခန့်သာ လိုတော့သည်။ ဂိတ်အသီးသီးမှ အနှေးယာဉ် လုပ်သားများသည် နံနက်ခင်းပိုင်းက ဝတ်ဆင်ထားကြသည့် အင်္ကျီများ၊ တူညီဝတ်စုံများ၊ တူညီဦးထုပ်များကို သပ်ရပ်စွာ ဝတ်ဆင်ထားကြ သကဲ့သို့ ၎င်းတို့၏ ဆိုက်ကားရှေ့ လက်ကိုင်တန်း ထိပ်တွင်လည်း သာသနာ့ အလံငယ်လေးများကို ပြောင်းလဲကာ ထိုးစိုက် တပ်ဆင်လိုက်ကြသည်။ ထို့နောက် သူတို့၏ ဦးတည်ရာ တစ်နေရာတည်းဖြစ်သော တရားပွဲကျင်းပရာ လမ်းထိပ်သို့ ဖြည်းညင်းစွာ အစီအရီ ထွက်ခွာသွားကြသည်။
Written by ဆွေငြိမ်းအေး