စာဖတ်သံလေးမျှဝေပေး
“ဂျိုနတ်စ် ရှင့်ကို ကျွန်မမချစ်ဘူး။ နောက် အဓိကအကြောင်းပြချက်က ရုပ်ရှင်မရိုက်ခင်မှာ ကျွန်မက ဟောလိဝုဒ်က ကြေးအကြီးဆုံး . . .” ။စာဖတ်သံက လေအေးစက်တပ်ထားသော အေး စက်စက်အခန်းလေးအတွင်းမှ အပြင်ဘက်သို့ ပျံ့လွင့်လာလေသည်။
ထိုပျံ့လွင့်လာသောအသံသည် မရမ်းကုန်း မြို့နယ်အတွင်းရှိ ခဝဲခြံမျက်မမြင်ကျောင်းဝင်း အတွင်းမှပင်ဖြစ်သည်။ အဆိုပါစာဖတ်သံသည် လူသားတစ်ဦးအဖြစ်မွေးဖွားလာသော်လည်း ကံ အကြောင်းတရားကြောင့် အမြင်အာရချို့တဲ့ခဲ့သူ များအတွက် သုတ၊ ရသစုံခံစား သိရှိစေရန် စာဖတ် ပြ၍ အသံလှူဒါန်းနေသော လူငယ်တစ်ဦး၏ အသံပင်ဖြစ်သည်။
လူတို့သည် မိမိတို့သဒ္ဒါတရားရှိသည့် အတိုင်း ခန္ဓာကိုယ်အစိတ်အပိုင်းလှူသူများ၊ သွေး အလှူရှင်များ၊ ငွေကြေးအလှူရှင်များစသဖြင့် အလှူဒါနမျိုးစုံထဲတွင် အသံအလှူမှာလည်း မွန် မြတ်သောအလှူတစ်ခုပင်ဖြစ်သည်။
ထိုသို့ အသံလာရောက်လှူဒါန်းနိုင်ခြင်းကို ခဝဲခြံမျက်မမြင်ကျောင်းအနေဖြင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလကမှ စတင်ခဲခြင်း ဖြစ်ပြီး ယခုအချိန် ထိလာရောက်လှူဒါန်းသူမှာ ၁၀၀ဦး ကျော်အထိ ရှိပြီ ဖြစ်ကြောင်း အသံနှင့် ပတ်သက်၍ စီစဉ်ပေး နေသော ဦးသက်လွင်က ပြောပြသည်။
“အသံလှူနိုင်တယ်လို့ စကြေညာတုန်းက လူငယ်တွေကျောင်းပိတ်တဲ့အချိန်ဖြစ်လို့ထင်တယ်။ လှူတဲ့လူတော်တော်များတယ်။ တစ်ယောက်ချင်း၊ အဖွဲ့လိုက်မျိုးစုံပဲလာလှူကြတာ။ အခုနောက်ပိုင်းတော့ သိပ်မများ တော့ပေမယ့် လာတဲ့သူက နိုင်ပါတယ်။ အရင်က နားချိန်တောင်သိပ်မရှိပါဘူး”ဟု အသံအလှူပေးသူ များအကြောင်း ဦးသက်လွင်က ပြောဆိုသည်။
ယခင်က ခဝဲခြံမျက်မမြင်ကျောင်းမှ စေတနာ့ ဝန်ထမ်းများသာ ယင်းကဲ့သို့ အသံလှူဒါန်းစာဖတ် ခြင်းကို ပြုလုပ်ပြီး အပြင်မှအသံအလှူရှင်ခေါ်ယူ ခြင်းမရှိခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှစတင်၍ အသံ အလှူခံခြင်း၊ e-mail , internet မှတစ်ဆင့် အသံအလှူရှင်များ ခေါ်ယူခဲ့ကြောင်း ၎င်းင်းက ရှင်း ပြသည်။
“ဒီလိုလှူလို့ရတာကို သိတာက အင်တာနက် မှာတွေ့တာပါ။ စိတ်ဝင်စားလို့တစ်ပတ်သုံးရက် လောက်လှူဖြစ်ပါတယ်။ မျက်စိမမြင်နိုင်တဲ့လူတွေ အတွက် အထောက်အကူတစ်ခုဖြစ်အောင် ကုမ္ပဏီ ကညီမလေးတွေပါခေါ်ဖြစ်ပါတယ်”ဟု ပြောသူက ကုမ္ပဏီတစ်ခုတွင် မန်နေဂျာအဖြစ်တာဝန်ထမ်း ဆောင်နေသော အသက်၃ဝအရွယ် မစန္ဒာကျော်ဖြစ် သည်။
လူငယ်အများစုသည် သူတို့၏အားလပ်ချိန် များကို အပျော်အပါးသက်သက်အချိန်မကုန်စေဘဲ အတ္တနှင့် ပရ မျှမျှတတဖြင့် အကျိုးရှိရှိအသုံးချ လျက်ရှိနေသည်ကိုတွေ့ရသည်။ထိုသို့ အသုံးချရာ တွင် လက်လှမ်းမီရာ မိတ်ဆွေအချင်းချင်း လက် ဆင့်ကမ်းလုပ်ဆောင်လျက်ရှိကြပါသည်။
“ ကျွန်မရဲ့ မန်နေဂျာက ပြောပြလို့လာ လှူဖြစ်တာ။ ဒီလိုလာလှူဖြစ်တော့ စိတ်ထဲမှာ ဝမ်း သာရပါတယ်။ အားတဲ့အချိန်လာလှူဖြစ်မှာပါ” ဟု အသက် ၂၄နှစ်ရှိ မသဲစု ကပြောသည်။
ယင်းကဲ့သို့ အသံလာလှူကြသူများတွင် ကျောင်းတက်နေဆဲလူငယ်များ၊ လုပ်ငန်းခွင် ဝင်ရောက်နေသော လူငယ်များ စသည်ဖြင့် မျိုးစုံ ပါဝင်ကြသည်ကို တွေ့ရသည်။
အသံလာရောက်လှူဒါန်းသူများ၏ စာဖတ် သံကို အမြဲနားထောင်လေ့ရှိပြီး အမြင်အာရုံချို့တဲ့ နေသူ အသက်၂၈နှစ်အရွယ် ကိုထွေးပိုင်က “ ကျွန် တော်က စာဖတ်တာကို ဝါသနာပါတယ်။ မျက်စိ နဲ့ မဖတ်နိုင်တော့ လူငယ်တွေ့ရဲ့ ဖတ်တဲ့ အသံကို နားထောင်ရတာပျော်ပါတယ်။ လူငယ်တွေက သူတို့ ရဲ့ မရှိမဲ့ရှိမဲ့ အချိန်ကလေးထဲက ကျွန်တော်တို့ အတွက် လာလှူတာအရမ်းလည်း ကျေးဇူးတင်ပါ တယ်”ဟု သူ၏ ခံစားချက်ကိုပြောပြသည်။
ခဝဲခြံမျက်မမြင်ကျောင်းသို့ အသံလာလှူ ကြသူများထဲတွင် စကားမပီသူ၊ စကားဝဲသောတိုင်း ရင်းသားများကိုလည်း စိတ်မပျက်စေဘဲ ကဗျာများ ဖတ်စေခြင်း၊ မျက်မမြင်လူငယ်ကျောင်းသားများ အတွက် အကျိုးရှိစေမည့် ကျောင်းသင်ခန်းစားများ ကို ဖတ်စေခြင်းဖြင့် လိုအပ်သလို အလှူရှင်များကို လက်ခံလျက်ရှိသည်။
“ကျွန်မလှူဖြစ်တာ ဒီတစ်ခေါက်နဲ့ဆို လေး ကြိမ်မြောက်ပါ။ လျှပ်တစ်ပြက်ဂျာနယ်ကတွေ့လို့ လာလှူဖြစ်တာ။ ဒီလိုလှူတဲ့အခါတိုင်း စိတ်ကျေ နပ်မှုရပြီး ပျော်ပါတယ်”ဟု ဆေးတက္ကသိုလ်တတိယနှစ်တက်နေသော အသက် ၁၉နှစ်အရွယ်မရတနာဦးက အသံလှူဒါန်း ရန်စောင့်စားစဉ်ပြောကြားခြင်းဖြစ်သည်။
ထိုသို့တစ်ပိုင် တစ်နိုင် မိမိတတ်စွမ်းသရွေ့ လှူဒါန်းကြခြင်းဖြင့် စိတ်ပျော်ရွှင်ကျေနပ်ကြရပါ ကြောင်း၊ သူငယ်ချင်းများနှင့်အတူ အချိန်ရသ လောက်လာရောက်လှူဒါန်းဖြစ်ကြောင်း၊ သတင်း စာတွင် တွေ့၍ စိတ်ဝင်စားပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း အသက် ၁၈နှစ်အရွယ် မသဇင် က ပြောဆိုသည်။
“အခုအလှူကတော့ ပိုက်ဆံလှူရတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အသံကိုအသုံးပြုပြီး လှူရတာ ဆိုတော့ စိတ်ထဲမှာ ထူးထူးခြားခြား စိတ်ချမ်းသာ ပါတယ်။ ကိုယ့်ရဲ့ စာဖတ်သံကို နားထောင်မယ့် သူတွေကိုတွေးပြီး ဖတ်ရတော့ စိတ်လည်းလှုပ်ရှား ရပါတယ်။ ပထမတစ်ခေါက်တုန်းက ဖတ်ရင်းနဲ့ ခဏခဏမှားတယ်။ နောက်တစ်ခေါက်လှူမှ တော်တော်အဆင်ပြေသွားတာ” ဟု အသက် ၂၃နှစ် ရှိ မဇွန်ဇွန်က သူမ၏ ခံစားချက်ကို ပြောပြသည်။
ဤသို့မိမိ၏ စိတ်ဝင်စားမှုကို လက်တွေ့ အကောင်အထည်ဖော်ဖြစ်သော လူငယ်များရှိသော် လည်း စိတ်ရှိပြီး လက်တွေ့လုပ်ဆောင်ရန် အခက်အခဲရှိနေသော လူငယ်များမှာလည်း အများအပြားတွေ့မြင်ရပါသည်။
“အသံလှူချင်လား ဆိုတော့ လှူချင်ပါ တယ်။ ဒါပေမဲ့ အခုက မနက်ဆို ၉ နာရီ ရုံးသွား ညနေဆို ၅ နာရီကျော်မှ ရုံးက ဆင်းတော့ ဘယ်လိုမှ အချိန်မရဘူး။ အသံလှူတာက ညနေ ၅ နာရီအထိပဲဆိုတော့ လှူချင်ပေမယ့်ဘယ်လိုမှ လှူလို့ မရဘူး”ဟု စိတ်ရှိပေမယ့် အချိန်ကြောင့် မလုပ်ဆောင်နိုင်သော အခက်အခဲကို ရှင်းပြသူက အသက် ၂၂နှစ်ရှိ မချယ်ရီရှိန် ဖြစ်သည်။
မချယ်ရီရှိန်ကဲ့သို့ အချိန်ကြောင့်လာရောက် လှူဒါန်းရန် အခက်အခဲဖြစ်သော် လူငယ်များရှိ သော်လည်း ထူးခြားစွာသူငယ်ချင်းအဖော်မရှိသော် ကြောင့် လှူချင်စိတ်ရှိသော်လည်း မလှူဖြစ်သော လူငယ်များကိုလည်း တွေ့မြင်ရလေသည်။
“အသံအလှူနဲ့ပတ်သက်ပြီ လှူလို့ရတာ သိ ပါတယ်။ အသံကို သွားလည်းလှူချင်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းကျတော့ လှူရမှာ၊ သွားရမှာ အဝေးကြီးပဲ။ သူငယ်ချင်းတွေကျတော့ လည်း သူတို့အလုပ်နဲ့ သူတို့ရှုပ်နေတာဆိုတော့ မလှူဖြစ်တော့ဘူး။ တစ်ခါလောက်တော့ လှူဖြစ် အောင်လှူချင်ပါတယ်”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ အသက် ၂၂နှစ်ရှိ မနှင်းဝေ ကဆိုသည်။
မည်သို့ပင်ဖြစ်စေလူငယ်များသည် ၎င်းင်းတို့ တတ်စွမ်းသရွေ့ အလှူဒါနတစ်မျိုးမျိုးကို လုပ် ဆောင်ချင်စိတ်ရှိကြပြီး ရရှိလာသောအချိန်အား ကလေးများကို အကျိုးရှိရှိအသုံးချလိုကြသည်ကို လည်းတွေ့မြင်ရသည်။ ထိုသို့ အလှူဒါနပြုရာတွင် ငွေကြေးအများအပြားမလှူဒါန်းနိုင်သူများအတွက် အခြားမွန်မြတ်သောအလှူဒါနများဖြစ်သည့် သွေး၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ အချိန်ပိုင်းပရဟိတ အလုပ်များလုပ်ပေးခြင်း၊လှူဒါန်းခြင်းတို့အပြင အမြင်အာရုံချို့တဲ့ခဲ့သူများကို အသံလှူဒါန်းနိုင် ခြင်းသည် မွန်မြတ်သောအလှူတစ်ခုပင်ဖြစ်သည်။
ထိုသို့ အသံဖြင့် ကုသိုလ်ယူခြင်းအားဖြင့် အမြင်အာရုံထိခိုက်သူများသည် မိမိ၏ မျက်စိ အမြင်ထိခိုက်ခြင်းအတွက် စာပေရသခံစားမှုအာရုံ မဆုံးရှုံးဘဲ နားထောင်ခံစားနိုင်သကဲ့သို့ အသံလာ ရောက်လှူသူများအတွက်လည်း ကုသိုလ်စိတ်ဖြစ် ခြင်းအပြင် စိတ်ကျေနပ်ပျော်ရွှင်ဝမ်းသာမှုများပါခံ စားရကြောင်း အသံလှူဒါန်းသည့် လူငယ်များက တညီတညွတ်တည်းပြောဆိုကြသည်။
“…မြေအောက်လိုဏ်ခေါင်းကြီးကိုတွေ့ရ၍ ထိုအထဲတွင် စုံထောက်ကိုတင်ညွန့် အဝတ်အစား များနှင့်တကွ၎င်းင်းအတွင်းမှ အသားအ<ကင်းအကျန် များနှင့် အရိုးစုများကို တွေ့ရှိရလေသည်။…” စသော စာဖတ်သံအဆုံးတွင် သူ့၏ အသံကို နား ထောင်ကြမည့်သူများကို တွေးမိလျက် အသံသွင်း ခန်းအတွင်းမှ ပြုံးရွှင်သောမျက်နှာဖြင့် လူငယ် တစ်ဦး ထွက်လာသည်။
တနင်္ဂနွေပိတ်ရက်မှအပ ကျန်သည့်နေ့ရက် များတွင် ခဝဲခြံမျက်မမြင်ကျောင်းအတွင်းမှ လူငယ် တို့၏ စာဖတ်သံများသည် စာဖတ်ဝါသနာ ပါသော အမြင်အာရုံချို့တဲ့ ခဲ့သူများအတွက် ပျံ့လွင့်လျက် ရှိသည်။
ချမ်းငြိမ်းဖြူ၊ ဆွေငြိမ်းအေး(June 9, 2011)