“ဘာစီးရလဲ”တီထွင်သူ (၅-၃-၂၀၁၇)

ရန်ကုန်မြို့အနှံ့ ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး ပြောင်းလဲလိုက်သည့် YBS စနစ်ကြောင့် လူအများ ဘယ်သို့ဘယ်ပုံ ဘတ်စ်ကား စီးသွားလာရမည်လဲ သို့လော သို့လောဖြစ်ခဲ့ကြသည်။ YBS စတင်သည့်နေ့တွင် Volunteer များ၏ အကူအညီ၊ လမ်းညွှန်ဆိုင်းဘုတ်များ၏ အကူအညီနှင့် သွားလာသည့်တိုင် မှတ်တိုင်သိပြီး ဘယ်ကား ရောက်မည်လဲ အခက်အခဲ တွေ့နေကြဆဲပင်။
ထိုသို့သော အခက်အခဲများကို ပြေလည်စေရန် တစ်တပ်တစ်အား ကူညီကြသူများထဲတွင် နည်းပညာ အသုံးပြုကာ ကူညီကြသည့် Developer များလည်း အပါအဝင် ဖြစ်သည်။ YBS နှင့် ပတ်သက်သည့်လမ်းကြောင်းများ ဘယ်ကားဘယ်နေရာသို့ ပြေးဆွဲနေသည်ကို ဖုန်းထဲမှတစ်ဆင့် ကြည့်ရှုနိုင်ရန် နည်းပညာအားနှင့် ကူညီကြသူများထဲတွင် ကိုအိမောင်တစ်ယောက်လည်း အပါအဝင် ဖြစ်သည်။
ဆော့ဖ်ဝဲတစ်ခုအဖြစ် ဖုန်းထဲမှ YBS စနစ်ကို ထောက်ကူပေးသည့် နည်းလမ်း မဟုတ်ဘဲ လူသုံးများသော Facebook Messenger မှတစ်ဆင့် မေးမြန်း ဆက်သွယ်ရမည့် Chatbot တစ်ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ “ဘာစီးရလဲ” အမည်နှင့် Chatbot တစ်ခုကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
“Chatbot ဆိုတာက နည်းပညာသစ်လို ဖြစ်နေတော့ တခြားလုပ်တဲ့လူ မရှိတာရယ်၊ YRTA က Open Data YBS လမ်းကြောင်းတွေ၊ မှတ်တိုင်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖွင့်ပေးထားလို့ အဆင်သင့်နေတာရယ် တိုက်ဆိုင်သွားတာကြောင့် ဘာစီးရလဲ Bot ကို လုပ်ဖြစ်ခဲ့တာပါ”ဟု ကိုအိမောင်က ဘာစီးရလဲ Chatbot လုပ်ဖြစ်ပုံကို ပြောပြသည်။
အချိန် နှစ်ရက်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး Facebook ၏ စိစစ်မှုကြောင့် YBS လမ်းကြောင်းများ စတင် ပြေးဆွဲသည့် အချိန်ထက် တစ်ရက် နောက်ကျပြီးမှ စသုံး၍ ရခဲ့ခြင်းလည်းဖြစ်သည်။ မှတ်တိုင်အမည် ပြောသည့်အခါ ရောက်သည့်ယာဉ်လိုင်း ပြန်ပြောသည့် ဝန်ဆောင်မှုကို လုပ်ဆောင်ပေးသည့် Chatbot ဖြစ်ပြီး လတ်တလော အခြေအနေတွင် မှတ်တိုင် လုံးဝ မသိသူများအတွက် အနီးဆုံးမှတ်တိုင်များ ပြောပြပေးနိုင်သည်အထိ လုပ်ဆောင်ပေးနိုင်ရန် ကြိုးစားနေလျက် ရှိသည်။
“နေ့တိုင်းလိုလိုတော့ ပိုကောင်းအောင် ပိုပြည့်စုံအောင် ဆက်တိုက် လုပ်နေတယ်။ ဆက်ပြီး ဖြည့်စွက်နေဆဲပါပဲ”ဟု ၎င်း၏ ဖန်တီးမှုဖြစ်သည့် Chatbot နှင့်ပတ်သက်ပြီး ကိုအိမောင်က ပြောပြသည်။
အများပြည်သူအတွက် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်သည့် “ဘာစီးရလဲ” ဖန်တီးရင်းမှ ကြုံရသည့် အခက်အခဲတစ်ရပ်လည်း ရှိသည်။
“ခရီးသွား ပြည်သူတွေ လက်ရှိ အားထားနေရတဲ့ Mobile App တွေနဲ့ ဘာစီးရလဲ လို နည်းပညာတွေမှာ အချက်အလက် ပိုတိကျစေဖို့ YRTA အနေနဲ့ Open Data ကို Update လုပ်ပေးစေချင်ပါတယ်။ အပြင်လူလုပ်ဖို့ မလွယ်လို့ပါ”။
ဘာစီးရလဲ Chatbot စတင် အသုံးပြု၍ ရသည်မှစ၍ နေ့စဉ် အသုံးပြုသူများ ရှိလာပြီဖြစ်သကဲ့သို့ အပျင်းပြေ လာရောက် စကားပြောသူများလည်း ကြုံခဲ့ရသည်။
“ပျော်စရာလို့ သဘောထားကြတယ် ဆိုတာကို သိရတာကို ဝမ်းသာပါတယ်။ ဒီလို စကားတွေ လာပြောကြတော့ နောက်ဆိုရင် ကျွန်တော့်အတွက် ပိုလိမ္မာတဲ့ Bot တွေ တည်ဆောက်နိုင်ဖို့ အထောက်အကူတောင် ဖြစ်ပါသေးတယ်”
လတ်တလော အချိန်ထိတိုင် YBS စနစ်နှင့် အသားမကျသေးသည့် လူများ ရှိနေသေးသော်လည်း မဝေးတော့သည့်အချိန်တွင် YBS စနစ်နှင့် လူအများ အသားကျလာမည်ဖြစ်သည်။ ထိုအချိန်တွင် “ဘာစီးရလဲ” Chatbot အနေနှင့် လူအများ၏ လိုအပ်မှု နည်းလာမည်ဖြစ်သည်။
ထိုသို့သော အခြေအနေနှင့် ပတ်သက်၍လည်း ကိုအိမောင်က “YBS လမ်းကြောင်းတွေ ကျွမ်းလာရင် တဖြည်းဖြည်း အသုံးပြုသူ နည်းလာမှာပါ။ ဒါပေမဲ့ စလုပ်ကတည်းက အသုံးပြုသူ နည်းဖို့ များဖို့အတွက် မဟုတ်ပါဘူး။ တခြား မျှော်မှန်းချက်လည်း မထားပါဘူး။ ဒါ့ကြောင့် အသုံးပြုသူ ရှိနေသေးသရွေ့ ဆက်အလုပ် လုပ်ပေးသွားဖို့ စိတ်ကူးထားပါတယ်”ဟုဆိုသည်။
ဖန်တီးထားသည့် Bot နှင့်ပတ်သက်၍ မျှော်မှန်းချက် မထားသော်လည်း အနာဂတ်တွင် ဖွံ့ဖြိုးလာမည့် နည်းပညာတစ်ခုဟုဆိုသည့် Chatbot နည်းပညာနှင့် ပတ်သက်၍မူ ကိုအိမောင်တွင် စိတ်ကူးနှင့် အကြံဉာဏ်များ ရှိနေသည်။
“စိတ်ကူးတချို့ ရှိပါတယ်။ တခြား စိတ်ဝင်စားတဲ့လူတွေအတွက် အလားသဏ္ဌာန်တူ မြန်မာစာသုံး Bot တွေ အလွယ်တကူ တည်ဆောက်ဖို့အတွက် ပံ့ပိုးပေးတဲ့ နည်းပညာ တီထွင်ဖို့ စဉ်းစားထားပါတယ်”
Computer Programmer သမားတစ်ဦး ဖြစ်သည့် ကိုအိမောင်သည် အသက် ၃၂ နှစ်ရှိပြီဖြစ်ပြီး ၂၀ဝ၆ ခုနှစ်ကတည်းက အင်တာနက်နှင့် Web နည်းပညာကို အထူးပြု လေ့လာခဲ့သူတစ်ဦးဖြစ်သည်။ လက်ရှိတွင် Fairway အမည်နှင့် Website နှင့် Mobile App များ အပါအဝင် ပြည်တွင်းပြည်ပ လုပ်ငန်း အပ်နှံကြသည့် ကွန်ပျူတာ Software အမျိုးမျိုးကို ရေးသား ပံ့ပိုးသည့် နည်းပညာလုပ်ငန်းကို လုပ်ကိုင်နေသကဲ့သို့ ၎င်း၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Fairway Technology School တွင်လည်း နည်းပညာသင်တန်းတွေ ပို့ချနေသည်။
ကိုအိမောင်အနေနှင့် လူအများကို နည်းပညာနှင့်ပတ်သက်၍ မျှဝေခဲ့သည်မှာ ယခုမှပြုလုပ်ခဲ့သည်တော့မဟုတ်။ Software နည်းပညာ လေ့လာသူတွေအတွက် အသုံးဝင်သည့် Profession Web Developer အမည်ရစာအုပ်၊ Ubuntu - သင့်အတွက် Linux အမည်ရ စာအုပ်နှင့် Rockstar Developer အမည်ရ စာအုပ် သုံးအုပ်ကိုလည်း ရေသားပြုစု ဖြန့်ဝေခဲ့သေးသည်။
ကိုယ်တိုင် လေ့လာခဲ့သည့် ပညာရပ်များကို လေ့လာဆဲ လူငယ်များ အချိန်တိုအတွင်း စုစုစည်းစည်း ပြန်လည် လေ့လာခွင့် ရစေလိုသည့် ရည်ရွယ်ချက်များနှင့် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍လည်း Software Engineering ပိုင်းဆိုင်ရာ စာအုပ်ရေးသားရန်ရှိပြီး နည်းပညာ တိုးတက်မှုနှင့်အညီ အဆင့်မြှင့်တင်ထားသည့် Edition များ ထုတ်ဝေနိုင်ရန် ကြိုးစားနေကြောင်း အနာဂတ် ရည်မှန်းချက်များနှင့် ပတ်သက်၍ ပြောပြသည်။
“မြန်မာဘာသာနဲ့ ရှိနေတဲ့ နည်းပညာစာအုပ် အများစုက ဘာသာပြန် ဒါမှမဟုတ် အခြေခံနဲ့ အထွေထွေ အကြောင်းအရာတွေက နည်းပါတယ်။ အဆင့်မြင့် နည်းပညာစာအုပ် နည်းပါးလှတဲ့အတွက် တစ်ဖက် တစ်လမ်းက ဒီလိုအပ်ချက်ကို ဖြည့်စွက်လိုက်ချင်တာပါ”
နည်းပညာနှင့် ပတ်သက်၍ တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့်နည်းတူ မြန်မာ့နည်းပညာ လောကအပေါ်တွင် မျှော်မှန်းချက် ကြီးမားသူတစ်ဦးလည်း ဖြစ်သည်။
“ခေတ်ပြောင်း စနစ်ပြောင်းနဲ့အတူ မြန်မာပြည် နည်းပညာ လောကဟာလည်း ဒီနှစ်ပိုင်းတွေမှာ သိသိသာသာ တိုးတက်လာပါတယ်။ လူငယ်တွေ နည်းပညာကို ပိုစိတ်ဝင်စားပြီး လေ့လာလာကြတဲ့အတွက် ကျွမ်းကျင်သူတွေ တိုးသထက် တိုးလာနေတယ်။ မြန်မာလူငယ်တွေ ရေးသားထားတဲ့ App တွေကို မနည်းမနော ဖြစ်နေပြီ။ တစ်ရှိန်ထိုး တိုးတက်နေတဲ့ နည်းပညာ လောကမှာ အလုပ်အခွင့်အလမ်းတွေ၊ အနာဂတ် အလားအလာတွေဟာ အကန့်အသတ်မဲ့ပါပဲ”ဟု ၎င်းကဆိုသည်။
သို့ရာတွင် Online Payment ကဲ့သို့ ကဏ္ဍမျိုးများ ပီပီပြင်ပြင် မရှိသေးသည့်အတွက် လိုအပ်ချက်အချို့ ရှိနေသည်ကိုလည်း ကိုအိမောင်က ထောက်ပြသည်။
ကိုယ်တိုင်က နည်းပညာသမား တစ်ဦးဖြစ်သည်နှင့်အညီ နည်းပညာကို စိတ်ပါဝင်စားသည့် လူငယ်များအတွက်လည်း ယခုကဲ့သို့ အကြံပြုထားသေးသည်။
နည်းပညာ ကဏ္ဍသည် အခြားကဏ္ဍများထက် လေ့လာစရာ Resource များ ပေါများလှကြောင်း၊ Online Community များ ပေါများလှသကဲ့သို့ စာအုပ်စာတမ်း အကိုးအကား ရှိကြောင်း၊ သင်တန်းများတွင် လေ့လာသင်ယူနိုင်သကဲ့သို့ Online ကနေတစ်ဆင့် စရိတ်နည်းနည်းမှ အခမဲ့အထိ သင်ယူနိုင်ကြောင်း၊ နည်းပညာ နယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းနှင် အနာဂတ် အလားအလာကောင်း ရှိသည်အတွက် စိတ်ပါဝင်စားသူ လူငယ်များ သေချာ အသုံးချစေလိုကြောင်း ၎င်းကပြောဆိုသည်။
နည်းပညာကို စိတ်ပါဝင်စားသူတို့အဖို့ အခြားနယ်ပယ်မှ လူများနှင့်မတူသည့် အားသာချက်တစ်ရပ်လည် ရှိသည်။ အသုံးချ လေ့လာရာတွင် ကိုယ်တိုင် ကိုယ်ကျ လေ့လာ သင်ယူနိုင်မယ့် အားသာချက်ရှိခြင်း ဖြစ်သည်။
ထိုအားသာချက်နှင့်ပတ်သက်၍ ကိုအိမောင်က “လက်တွေ့လေ့လာ အသုံးချဖို့လည်း ဘယ်စက်ရုံမှ သွားစရာ မလိုဘူး။ ကိုယ့်အိမ်မှာပဲ ကွန်ပျူတာ တစ်လုံးနဲ့ လက်တွေ့ အသုံးချလို့ ရနိုင်တယ်”ဟု ဆိုသည်။
ဆွေငြိမ်းအေး