← Back to portfolio

အွန်လိုင်းစီးပွား ဘယ်ကိုသွားမလဲ

Published on

သက်တမ်းနုနု အွန်လိုင်းဈေးဆိုင်လေးများက ဖရိုဖရဲ။ ရောင်းသူဝယ်သူအကြား ညည်းညူမှုများက တီးတိုးတီးတိုး သဖန်းပိုး။ ရွှေမြန်မာတို့သည်ကား အိမ်နောက်ဖေး ဈေးဆိုင်တည်ခေတ်ဆီမှ အွန်လိုင်းပေါ် ဈေးဆိုင်တည်သည့် ခေတ်ဆီသို့ချင်းနင်း ဝင်ရောက်ခဲ့ပြီ။ သို့သော်...

“အခုဒီမှာ လက်ရှိရောင်းနေတဲ့ Online Shop တွေက ကျွန်မအထင် ပိုပြီးအလုပ်ရှုပ်တယ်။ ကျွန်မ အိတ်တစ်လုံး မှာဖူးတယ်။ အဲဒီမှာတဲ့အိတ်က Pre-Order ဆိုတော့ တစ်လကြာမယ်ဆိုပြီး နှစ်လနီးပါးလောက် ကြာသွားတယ်” ဟု မအင်ကြင်းတစ်ယောက် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ခဲ့သည့် အတွေ့အကြုံကို စိတ်ပျက်စွာ ဆိုလာသည်။

Online Banking နှင့် e-Commerce စနစ် မထွန်းကားသေးသည့် မြန်မာ့အွန်လိုင်း ဈေးဆိုင်များ၏ ရောင်းရေးဝယ်မှုသည် မအင်ကြင်းကဲ့သို့ အွန်လိုင်း ဈေးကွက်ကို စိတ်ဝင်စားမှု ပြုလာသည့် ဈေးဝယ်များကိုပင် စိတ်ပျက်စေခဲ့ပြီ။

“ပိုက်ဆံတစ်ဝက်လည်း ဘဏ်မှာသွားပြီး ငွေအရင် လွှဲရသေးတယ်။ ဘာမှသိပ်မထူးပါဘူး။ အပြင်မှာဈေးဝယ်ရတာမှ မျက်မြင် ကြည့်လို့ရသလို ချက်ချင်း ပစ္စည်းရတယ်။ Online မှာ ဈေးဝယ်ရတာ အချိန်ကုန် သက်သာတယ်ဆိုတာ တကယ်တော့ Online Banking စနစ်တို့၊ e-Commerce တို့သေချာဖွံ့ဖြိုးလာမှ အဆင်ပြေမှာ” ဟု မအင်ကြင်းက မြန်မာ့အွန်လိုင်း ဈေးကွက်အပေါ် ထောက်ပြသည်။

နိုင်ငံတကာတွင် Online မှတစ်ဆင့် ဈေးရောင်း ဈေးဝယ်ယူမှု စီးပွားရေးပုံစံ စတင်ခဲ့သည်မှာ ၁၉၉၀ ဝန်းကျင်ခန့် ကတည်းကပင်။

ကမ္ဘာ့အွန်လိုင်း ဈေးကွက်သည် ရောင်းသူနှင့် ဝယ်သူ Online ပေါ်တွင် တိုက်ရိုက်ချိတ်ဆက်ပြီး ဝယ်ယူနိုင်သည့်အတွက် အချိန်ကုန် သက်သာသလို နှစ်ဦးနှစ်ဘက် အဆင်ပြေစေသော အရောင်းအဝယ် စနစ်တစ်ခု ဖြစ်သည့်အတွက် တွင်ကျယ်ပြီး လူကြိုက်များသည့် စီးပွားရေး ပုံစံတစ်ခုအသွင် ဖြစ်တည်နေဆဲ။

မြန်မာနိုင်ငံတွင်မူ Online မှတစ်ဆင့် ရောင်းချမှု စီးပွားရေးပုံစံ စတင်လုပ်ကိုင်ခဲ့သည်မှာ ၂ နှစ်နီးပါးမျှသာ ရှိနေသေးသကဲ့သို့ e-Commerce စနစ်၊ Delivery System မဖွံ့ဖြိုးသေးသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အတွက် Online Shpping များ၏ အခြေအနေသည် မြို့ကြီးများတွင်သာ အဓိက ရောင်းဝယ်နေကြရပြီး ဝယ်ယူသူများ ဘက်ကလည်း Online Shopping များအပေါ် အပြည့်အဝ ယုံကြည်မှုမရှိ ဖြစ်နေကြဆဲပင် ဖြစ်သည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသည့် Online Shop အများစုသည် လူမှုကွန်ရက် ဝက်ဘ်ဆိုက်ဖြစ်သော Facebook ပေါ်တွင်သာ အားပြု လုပ်ကိုင်နေကြခြင်း ဖြစ်ပြီး နိုင်ငံတကာတွင်ကဲ့သို့ Website များပေါ်တွင် စနစ်တကျ ရောင်းချသည့် Online Shop များ နည်းပါးသေးသည်ကို တွေ့မြင်ရသည်။

Online အခြေပြု စီးပွားရှာခြင်းများတွင် အဓိက အချက်ဖြစ်သည့် ဝယ်သူများ၏ သတင်းအချက်အလက်များ လုံခြုံမှု ရှိရေးအတွက်မူ လူမှုကွန်ရက်ဖြစ်သော Facebook ထက် Website များက အားသာချက် ရှိနေသည်မှာလည်း Online မှတစ်ဆင့် စီးပွားရှာသူများ ဝယ်ယူမည့်သူများ သတိထားရမည့် အချက်တစ်ခု ဖြစ်သည်။

Online ပေါ်တွင် ချိတ်ဆက် ရောင်းချဝယ်ယူရသည့် စနစ်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ e-Commerce ဥပဒေမူကြမ်း အဆင်သင့် မဖြစ်သေးသကဲ့သို့ Online Banking စနစ်မှာလည်း ဖွံ့ဖြိုးမှုမရှိဘဲ ပြည်တွင်းဘဏ်သည် ငွေစုအပ်နှံရုံ၊ ငွေချေး၍ရရုံ၊ Debit Card ထုတ်ပေးရုံလောက်သာ ဝန်ဆောင်မှု ပေးနိုင်ခြင်းကလည်း Online အခြေပြု စီးပွားရေးအတွက် စိန်ခေါ်မှု တစ်ရပ်အသွင် ဖြစ်နေပေသေးသည်။

Online ဘဏ်စနစ် မဖွံ့ဖြိုးသေးသည့်အတွက် Online Shopping အများစုသည် ပစ္စည်းအရောက် ငွေရှင်းစနစ်ဖြင့် သွားနေရပြီး အချို့ Online Shop များမှာလည်း ကုန်ပစ္စည်း၏ တန်ဖိုးကြီးမြင့်မှုပေါ် လိုက်၍ တန်ဖိုးငွေကို အပြည့်သို့မဟုတ် တန်ဖိုးငွေ တစ်ဝက်ကို ရောင်းချသူ၏ ဘဏ်အကောင့်သို့ ငွေလွှဲပေးပို့ပြီးမှသာ ရောင်းချနေကြရသည်။

မအင်ကြင်း ကဲ့သို့ပင် Online မှာဈေးဝယ်ယူလေ့ရှိသူ မေပြည့်စုံကမူ “ခု နောက်ပိုင်း Online ကနေ ဈေးဝယ်ရင် Instockု ပစ္စည်းတွေ၊ အိမ်အရောက်ပို့မယ့် ဟာတွေနဲ့ ပစ္စည်းရောက် ငွေရှင်းဆိုတဲ့ ဆိုင်တွေမှာပဲ ဝယ်ဖြစ်တော့တယ်” ဟု ဖွင့်ဟလာသည်။

ယင်းသို့ သက်တမ်းနုနု အွန်လိုင်းဈေးကွက်ကို စိတ်ပျက်စ ပြုလာသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရသည့်နည်းဖြင့် ရောင်းသူဝယ်သူကြား အဆင်ပြေဆုံးဖြစ်အောင် ခရီးဆက် လုပ်ကိုင်နေသည့် အွန်လိုင်း ဈေးဆိုင်လေးများလည်း ရှိလာသည်။

“တစ်ခါတလေ ပုံမှာပြထားတဲ့ အရည်အသွေးနဲ့ တကယ်ကိုယ်ရတဲ့ ပစ္စည်းရဲ့ အရောင်၊ အရည်အသွေး လွဲတာမျိုးကြုံရပေမယ့် အများစုကတော့ သေချာလေး ရောင်းလာကြတာ တွေ့ရလို့ ဝယ်ရတာ အဆင်ပြေလာပါပြီ” ဟု မေပြည့်စုံက ဆိုလာသည်။

စာမျက်နှာ ၁၅ သို့ အခက်အခဲများကြား၊ စိန်ခေါ်မှုများကြားမှ Online စီးပွားရေးကို လုပ်ကိုင် နေကြရသော Online Shop များသည် စနစ်တကျ စီမံဆောင်ရွက်ပြီး ဝန်ဆောင်မှု ကောင်းပါက နိုင်ငံတကာနည်းတူ အောင်မြင်အောင် လုပ်ဆောင်နိုင်မည့် စီးပွားရေးလုပ်ငန်း တစ်ခုလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကနဦး ဖွင့်လှစ်ရောင်းချခဲ့သော Online Shop များထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ZawGyi Mart တည်ထောင်သူ ကိုဇော်မင်းအောင်ကမူ နိုင်ငံတကာနှင့် ရင်ပေါင်တန်းလာနိုင်ရေး အခက်အခဲများကြားမှ ရုန်းကန်နေရမှုကို ဤသို့ဆိုလာသည်။ “ကျွန်တော်တို့ လုပ်ငန်းလုပ်တာ ၂ နှစ်နီးပါး ရှိပါပြီ။ Facebook ကို Website လင့်ခ်ကို ဝင်လို့ရအောင်ပဲ အသုံးပြုပြီး Website မှာပဲ သီးသန့်ရောင်းပါတယ်” ဟူ၍။

ကျဉ်းမြောင်းသည့် ဘောင်ကြားမှ ရပ်တည်ရသည်ဟု ဆိုသော်လည်း စိတ်ရှည်သည်းခံ လမ်းကြောင်းမှန်ခြင်း၏ အကျိုးဟုဆိုရမည်ပင်။ မြန်မာ့အွန်လိုင်း ဈေးကွက် ကနဦး တည်ထောင်သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ZawGyi Mart ၏ရောင်းအားသည်လည်း တိုး၍လာချေပြီ။

ပြောင်းလဲလာသော ခေတ်စနစ်၊ တိုးတက်လာသော လူတို့၏ အတွေးအမြင်များကြောင့် မြန်မာ့အွန်လိုင်း ဈေးကွက်သည်လည်း နိုင်ငံတကာ ဝင်ဆံ့မှု မပြုနိုင်သေးသော်လည်း အွန်လိုင်းသုံး မြန်မာလူထုအကြား နေရာတစ်ခုတော့ တန်းဝင်လာပြီဟု ဆိုရမည်ပင်။

“ခုတော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ရောင်းချလာရတယ်။ အဓိက ကတော့ လူတွေရဲ့ Mindset ပြောင်းလာတာပေါ့။ Online ကနေ ဈေးဝယ်မယ်ဆို လူတွေကဟာ ဘယ်လိုဝယ်ရမလဲ ဘာကတ်မှ မရှိဘဲနဲ့ပေါ့။ ပြီးတော့ ပစ္စည်းရောက်တာ ကြာမယ် ထင်ကြတယ်။

ကျွန်တော်တို့ကတော့ နေ့ချင်းရောက်အောင် ကြိုးစားပြီး ပို့တယ်။ ပြီးတော့ ပစ္စည်း အရည်အသွေးကို ထိန်းထားတယ်။ ပြောရင် ပြောထားတဲ့အတိုင်း အာမခံပေးတယ်။ အဲဒီ့တော့ ပိုပိုပြီး အဆင်ပြေလာပါတယ်” ဟု ကိုဇော်မင်းအောင်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Online မှတစ်ဆင့် ချိတ်ဆက်၍ ရောင်းသူဝယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေသည့် နည်းဖြင့်သာ ငွေပေးချေမှုပစ္စည်း ပို့ဆောင်မှု နည်းလမ်းများကို သုံးစွဲနေရပြီး Online စီးပွားရေးအတွက် တရားဝင် ခွင့်ပြုထားခြင်းမျိုး မရှိခြင်းက Online စီးပွားရေး ပိုမိုဖွံ့ဖြိုး တိုးတက်ဖို့အတွက် အဟန့်အတား တစ်ခုသဖွယ် ဖြစ်၍နေသည်။

“လွန်ခဲ့တဲ့ တစ်နှစ်ကျော် Online Shopping စလုပ်ခဲ့တုန်းကဆိုရင် Debit Cart၊ သူတို့အခေါ် Master Card/Visa Card ပေါ့။ အဲဒီ ဝန်ဆောင်မှုတောင် မရှိသေးလို့ နိုင်ငံခြားကနေ ပစ္စည်းတွေဝယ်ပြီး ရောင်းဖို့တောင် အခက်အခဲ ဖြစ်ရတယ်” ဟု Facebook တွင် Online Shop ဖွင့်လှစ်ထားသူ မခင်မျိုးက အွန်လိုင်းပေါ် ဈေးဆိုင်တည်စ သူ့၏ အခက်အခဲတို့ကို ရင်ဖွင့်လာသည်။

မြန်မာ့ အွန်လိုင်းဈေးကွက်၏ စိန်ခေါ်မှုက ထိုမျှနှင့်ရပ်မနေ။ အခက်အခဲဟူသည်က တစ်ဦးတည်း မည်သည့်အခါမျှ လာရိုးမရှိ။ အဖော်အပေါင်းနှင့် အုံကျင်းဖွဲ့၍ လာခဲ့သည်ချည်း။ အွန်လိုင်းပေါ်၌ ဈေးဆိုင်တည်ချင်ခဲ့မိသူ မခင်မျိုး အတွက်လည်း ဤသို့ပင် အခက်အခဲသည် တစ်ခုတလေတော့ မဟုတ်ခဲ့။

“နယ်စပ်ကနေ ပစ္စည်းတွေ သွင်းတုန်းက ပစ္စည်းတွေ အသိမ်းခံရတာမျိုး ကြုံရဖူးတယ်။ ဒါပေမဲ့ကိုယ်က လုပ်ချင်လွန်းတော့လည်း မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ရတာပေါ့။ ပြီးတော့ ဝယ်သူတွေဘက်က ငွေချေရတာတော့ ပစ္စည်းတန်ဖိုးများရင် တစ်ဝက်အရင် ချေပြီးမှ ပစ္စည်းမှာပေးတယ်။ နိုင်ငံခြားက Online တွေလို ဝယ်တာနဲ့ တစ်ခါတည်း ကတ်တွေနဲ့ ငွေရှင်းတာမျိုးဆို ပိုအဆင်ပြေတာပေါ့။

ဒီမှာတော့ အဲဒီလိုဖြစ်ဖို့ အချိန်ကြာဦးမယ်လို့ ထင်ပါတယ်။ ကိုယ့်နည်း ကိုယ်ဟန်နဲ့ပဲ သွားနေရတာလေ။ အခက်အခဲတွေကတော့ အများကြီးပဲ။ တချို့ဝယ်သူတွေက ပစ္စည်းမှာပြီးမှ လာမယူတော့တာမျိုးပေါ့” ဟု Facebook တွင် Online Shop ဖွင့်လှစ်ထားသူ မခင်မျိုးက သူ့အတွေ့အကြုံကို ပြောပြလာသည်။

မြန်မာ့ အွန်လိုင်းဈေးကွက် ဖွံ့ဖြိုးရန်က အဘယ်အရာများက အဟန့်အတားနည်း။

လက်ရှိ မြန်မာ့အွန်လိုင်း ဈေးကွက်သည် နည်းပညာသုံး၍ မှောင်ခို လုပ်နေရသကဲ့သို့ ဖြစ်နေသည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း အမှုဆောင် ဦးရဲမြတ်သူက ထောက်ပြလာသည်။

မြန်မာ့အွန်လိုင်း ဈေးကွက်စီးပွားသည် နိုင်ငံတကာသို့ တန်းညှိနိုင်ရေး အတွက်ဆိုလျှင်- Online စီးပွားရေးစနစ် ဖွံ့ဖြိုးရန်အတွက် Legal Law တစ်ခုဖွံ့ဖြိုးရန် လိုအပ်နေသည်။ သက်ဆိုင်သည့် ဥပဒေမရှိဘဲနှင့် ရေရှည် လုပ်ဆောင်ရန် မလွယ်။

လက်ရှိ မြန်မာ့အွန်လိုင်း စီးပွားရေး ဈေးကွက် အနေအထားက ကွန်ပျူတာနှင့် ပတ်သက်သည့် ဥပဒေများသာမက ဘဏ္ဍာရေး ဝန်ကြီးဌာနသည် Online Payment များ၊ e-Commerce များ လုပ်ရန်အတွက် ဥပဒေလိုကြောင်း၊ Online စီးပွားရေး လုပ်သူများအတွက် လိုင်စင်များ ချပေးပြီး စနစ်တကျ ပြုလုပ်ပေးရန် လိုအပ်သလို ဝယ်သူများ ဘက်ကလည်း အခွန်အခ ပေးဆောင်ပြီး တရားဝင် ဝယ်ယူသည့် ပုံစံမျိုး ဖြစ်ရန်လိုကြောင်း၊ နိုင်ငံတကာတွင်လည်း တရားဝင် လမ်းကြောင်း ဖွင့်ပေးထားကြောင်း ဦးရဲမြတ်သူက သုံးသပ်သည်။

Online Business ဆိုင်ရာ လုပ်ငန်းအားလုံး ဖွံ့ဖြိုးရန်အတွက် တရားဝင် Legal Structure တစ်ခုလိုပုံကို ဦးရဲမြတ်သူက ယခုလို ပြောဆိုသည်။ “အခုချိန်ထိ e-mail က သက်သေခံလို့ မရဘူးဆိုတော့ တစ်ခုခု ဖြစ်တယ်ဆိုရင် ဘာမှလုပ်လို့မှ မရတာ။ အခု Online Business လုပ်နေတဲ့လူတွေက Technically က အဆင်ပြေတယ် ဆိုပေမယ့် မီးစိမ်းထားတယ်။ ဒါပေမဲ့ မီးနီဖြတ်ရင်တော့ ဖမ်းမယ်။ အဲဒီလို သဘောမျိုး ဖြစ်နေတယ်”

ဤသို့ဆိုလျှင်-
မြန်မာ့အွန်လိုင်း စီးပွားရေးသည်က တရားဝင်လော။ မှောင်ခိုလော။

မြန်မာ့အွန်လိုင်း စီးပွားရေးကို အစဉ်တစိုက် လေ့လာ အကဲဖြတ်နေသူ တစ်ဦးလည်းဖြစ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း အမှုဆောင်တစ်ဦးလည်း ဖြစ်သည့် ဦးရဲမြတ်သူကတော့ မြန်မာ့အွန်လိုင်း စီးပွားရေး ဈေးကွက်သည် တရားမဝင်ဟုသာ ထုတ်ဖော်လာသည်။

တရားမဝင်မှသည် တရားဝင် စီးပွားဆီသို့ မည်သို့သွားကြမည်နည်း။ မည်သူ့တွင် တာဝန်ရှိသနည်း။
“Online Business တကယ် Growth ဖြစ်လာဖို့ဆိုရင် တရားဝင်လာအောင် စည်းမျဉ်းစည်းကမ်းတွေ လုပ်ပေးရမှာပါ။ ဘဏ္ဍာရေးဘက်က မီးစိမ်းပြဖို့ လိုပါတယ်။ အခုလက်ရှိ Online Shop လုပ်နေတဲ့ လူတွေကလည်း နိုင်ငံခြားမှာရှိတဲ့ ဘဏ်အကောင့်ထဲ ထည့်ပြီး လုပ်နေကြရတာ။ တည်တည်ငြိမ်ငြိမ် တကယ်ဖြစ်လာဖို့က ကိုယ့်ဘက်က တကယ်ခွင့်ပြုဖို့ လိုပါတယ်။ အခုရောင်းဝယ်နေတဲ့ Online Shop တွေအားလုံးက နိုင်ငံတော်ဆီမှာ တရားဝင် Transaction Account ဖွင့်ပြီးတော့ လုပ်တာ မဟုတ်ဘူးလေ။

သေးသေးလေးတွေက ပြဿနာ မရှိပေမယ့် Online Business ကိုအကြီးကြီး ဖွံ့ဖြိုးအောင် လုပ်ဖို့ဆိုရင်တော့ Legal Framework တစ်ခုလိုတယ်လေ” ဟု ဦးရဲမြတ်သူက ထောက်ပြလာသည်။

လက်ရှိအချိန်တွင် အရင်းအနှီးနည်းနည်း Facebook အကောင့်ရှိရုံနှင့် စတင်နေကြပြီ ဖြစ်သည့် Online Shop များသည် ရောင်းချသူများအတွက် ဆိုင်ခန်းငှားရခြင်း၊ ဆိုင်နေရာကောင်း ရှာရခြင်းကဲ့သို့ အခက်အခဲများမရှိဘဲ ကိုယ်ရောင်းချမည့် ပစ္စည်းအတွက် အင်တာနက် ချိတ်ဆက်ထားသည့် ကွန်ပျူတာတစ်လုံး ရှိရုံနှင့် ရောင်းချလာနိုင်ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဝယ်သူများအတွက် အချိန်ကုန် သက်သာခြင်း၊ အိမ်အရောက်ပို့ ဝန်ဆောင်မှု ရှိခြင်း၊ မြန်မာနိုင်ငံတွင် ဝယ်ယူရန် ခက်ခဲနေသေးသည့် နိုင်ငံတကာတွင် နာမည်ရ အမှတ်တံဆိပ်ပစ္စည်း အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ် မှာယူနိုင်ခြင်း စသည့် အားသာချက်များကြောင့် မြန်မာ့ Online စီးပွားရေးသည် ရေရှည်တွင် ဆက်လက်တွင်ကျယ်လာမည့် စီးပွားရေး တစ်ခုလည်း ဖြစ်နေပြန်သည်။

မည်သို့ပင်ဆိုစေ -
သက်တမ်းနုနုအွန်လိုင်း ဈေးဆိုင်လေးများက ဇွဲတို့မလျှော့။
အွန်လိုင်းပေါ် ဈေးဆိုင်တည်လာသော ရွှေမြန်မာတို့၏ စိတ်ကူးအိပ်မက်များက ကမ္ဘာသို့ တက်ကုန်ဖွင့်၍ ဖြန့်ကြက်ရန်သာ။

ဆွေငြိမ်းအေး (17/01/15)