← Back to portfolio

အနီရောင်သွေးတို့ဖြင့် အကျဉ်းမတန်စေချင်

Published on

‘တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူစံရှား သာဝါးလို့ ထွေး’ ဆိုတဲ့ စာချိုးလေးဟာ ကွမ်းစားလေ့ရှိတဲ့ ရှေး မြန်မာတွေရဲ့ ဓလေ့ကို ဖော်ညွှန်းပြသနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ကိုယ့်အိမ်ကို အလည် လာတဲ့ ဧည့်သည်ကို ဧည့်ခံတဲ့အခါမှာ ကွမ်းအစ်ထဲကို ကွမ်းထည့်ပြီး ဧည့်ခံလေ့ရှိတာဟာ ရှေးမြန်မာ တွေရဲ့ဓလေ့တစ်ခုပဲဖြစ်ပါတယ်။

အဲဒီလိုကွမ်းကို ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ်အဆက်နှစ်သက်စွာ စားတဲ့ ဓလေ့ဟာ မြန်မာ လူမျိုးတွေအတွက် ကနေ့ထက်တိုင်အောင် တည်ရှိ နေပါတယ်။ ယနေ့ခေတ်အခါမှာတော့ ကွမ်းကို ကိုယ်တိုင်ကောင်းနိုးရာရာ တွေစုပြီး ယာမစားကြ တော့ဘဲ နီးစပ်ရာဆိုင်တွေမှာပဲ လွယ်လွယ်ကူကူ ဝယ်စားနေကြတာကို အများစုတွေ့မြင်ရပါတယ်။

“အရင်တုန်းကဆိုရင် တစ်နေ့ကို ၂၀၀ဝဖိုးလောက်ကုန်တယ်။ ခဏဖြတ်လိုက်ပေမယ့် နောက်ပိုင်းမှာ ပြန်စားဖြစ်ပေမယ့် လေအောင့်တော့ တစ်နေ့ကို ၆၀ဝဖိုးလောက်ပဲစားဖြစ်တော့တယ်။ ကွမ်းကို ဖြတ်ဖို့တော့မရှိသေးပါဘူး”ဟု ကုမ္ပဏီတစ် ခုတွင် မန်နေဂျာလုပ်နေသူ အသက် ၃၀နှစ်အရွယ် ကိုမောင်မြင့်က ဆိုပါတယ်။

ကွမ်းစားတာဟာ ကျန်းမာရေးအတွက် မကောင်းမှန်းသိပေမယ့် စိတ်ထွက်ပေါက်တစ်ခုဖြစ် ကြောင်း၊ ကွမ်းဖြတ်လိုက်တုန်းက ဆေးလိပ်ပို သောက် ဖြစ်တာကြောင့် ကွမ်းဖြတ်တာ ဘာမှမထူး ဘူးဟု ထင်ကြောင်း၊ အလုပ်ထဲစိတ် ပင်ပန်းလာတဲ့အခါ ကွမ်းစားတာဟာ စိတ်သက်သာမှုရကြောင်း ကိုမောင်မြင့်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတစ်နံတစ်လျား လက်ညှိုးထိုးမလွဲ ကွမ်းယာရောင်းချတဲ့ဆိုင်တွေရှိနေတာဟာလည်း လူငယ်များကွမ်းစားလာမှုကို အလွယ်တကူ ဖြစ်ပေါ်စေပါတယ်။ လမ်းတစ်လမ်းရဲ့ လမ်းထိပ် တိုင်းမှာ ရှိနေတတ်တာက လက်ဖက်ရည်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေပါ။

ဒီလိုမျိုးကွမ်းယာဆိုင်တွေများပြားလာပြီး လူငယ်တွေရဲ့ ကွမ်းယာယဉ်ကျေးမှုကြောင့် ခုဆို နေရာတိုင်းလိုလိုမှာ ‘ကွမ်းတံတွေးမထွေးရ’ဆိုတဲ့ သတိပေး ဆိုင်းဘုတ်တွေလည်း များလာပါတယ်။

ကွမ်းယာဆိုင်များတွေမှာ လူငယ်တွေ လာရောက်စားသုံးမှုများပြားနေတာကို ကွမ်းဆိုင် တစ်ခုတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူ အသက် ၁၉နှစ်အရွယ် ကိုဇေမင်းက “ကျွန်တော်တို့ ကွမ်းဆိုင်ကအရမ်းရောင်းရပါတယ်။ ကျွန်တော်တို့ လို အလုပ်သမား နှစ်ယောက်ငှားထားရတယ်။ ကျွန်တော်တို့ကို တစ်နေ့ ၄၀၀၀ ပေးတယ်။ ကွမ်းမှာ ပါတဲ့ ဆေးတွေကတော့အများကြီးပါပဲ။ ဘုရင်မ၊ ဆေးရွက်ကြီး၊ ၄၅ ၊ ၉၂ အစုံပါပဲ။ ကျွန်တော်တို့ ဆိုင်ကို လူငယ်တွေ အများဆုံးလာစားကြတယ်” လို့ ဆိုပါတယ်။

ကွမ်းမှာ အဓိကအရေးကြီးတာက ထုံးဖြစ်ပြီး ထုံးစပ်တာကောင်းရင် လာစားတဲ့သူများကြောင်း၊ ကွမ်းဆိုင်များရဲ့ ထုံးစပ်နည်းဟာ တစ်ဆိုင်နဲ့ တစ်ဆိုင်မတူညီကြောင်း၊ တချို့မှာထုံးမပေါက်အောင် ဆီထည့်ကြောင်း၊ အချိုရည်ထည့်သည်များပင် ရှိကြောင်း၊ ၎င်းင်းတို့ ကွမ်းဆိုင်ရှင်ကမူ ထုံးစပ်တာကို လျှို့ဝှက်ထားတာကြောင့် မသိကြောင်း ကိုဇေမင်း က ကွမ်းတွင် ထုံးစပ်နည်းအဓိက ဖြစ်တာကို ပြောပြပါတယ်။

အခုနောက်ပိုင်း ကွမ်းယာထဲထည့်တဲ့ ထိုးထဲ ချက်အရက်ထည့်တဲ့သူတောင်ရှိတယ်လို့ သမိုင်း တွင် ကွမ်းယာဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ဆိုပါတယ်။

“ကွမ်းကို တက္ကသိုလ်စတက်တော့ စားဖြစ်တယ်။ မုံရွာမှာတက်တာလေ။ မုံရွာက ထုံးက တော်တော်ကောင်းတယ်။ အုန်းသီးစိမ် ထားတာ။ အဲဒါ စစားရင်းကနေ စွဲသွားတာပဲ။ မကောင်းဘူးတော့ သိပါတယ်။ ဒါပေမဲ့ကြိုက်တော့ ဆက်စားဖြစ်မှာပါ”လို့ ဆိုသူက စီးပွားရေးနဲ့ ကျောင်းပြီးထားတဲ့ အသက် ၂၄ နှစ်အရွယ်ကိုဥဂ္ဂါ ဖြစ်ပါတယ်။

ရန်ကုန်က လူငယ်တွေ စုမိရင် အပျင်းပြေ ထိုင်တတ်တဲ့နေရာဟာ လက်ဘက်ရည်ဆိုင် ဖြစ်တတ်ပေမယ့် မော်လမြိုင်က လူငယ်တွေ အပျင်းပြေထိုင်တတ်တဲ့ ဆိုင်ကတော့ ကွမ်းယာ ဆိုင်ပါလို့ မော်လမြိုင်မြို့မှာ နေခဲ့တဲ့ ကိုညီက ဆိုပါတယ်။

“ကွမ်းစားဖူးပါတယ်။ အပျင်းပြေပေါ့။ ကျွန်တော် ကတော့ ကွမ်းစားတာကို မကြိုက်ဘူး။ ကွမ်းစား တာဟာ ကျန်းမာရေးအတွက်လည်း မကောင်းဘူး လေ။ ဒါပေမဲ့ ကားမောင်းတဲ့သူတို့၊ စပယ်ယာတို့ ဆိုရင် ကွမ်းနဲ့အဖော်လုပ်ကြတယ်လို့ကြားဖူးတယ်။ ကွမ်းဆိုရင် အချိုလည်းစွဲတာပဲ၊ ကောင်မလေးတစ် ယောက်ကို ကျွန်တော်တွေ့ဖူးတယ်။ ကွမ်းအချိုကို နေ့တိုင်းဝယ်တာ အများကြီးပဲ။ ထောင်ကျော်မယ်၊ သူ့ပါးစပ်တွေက ယောက်ျားတွေလိုပဲ နီရဲပြီးနေတာ။ အသက်ကလည်း ၂၀ကျော်လောက်ပဲရှိဦးမယ်။ သူ့အတွက်မကောင်းဘူးလို့ ကျွန်တော်ထင်တယ်”လို့ပြောသူက အသက်၂ဝအရွယ် ကိုဝေဖြိုးပါ။

တချို့ မိန်းကလေးတွေဟာ ကွမ်းယာရောင်း ရင်း သူတို့ပါ ကွမ်းစွဲသွားတဲ့ အဖြစ်မျိုးလည်း ရှိပါ သေးတယ်။

ကွမ်းစားတာဟာ မြန်မာတွေရဲ့ ရိုးရာ တစ်ခုလိုဖြစ်နေပေမယ့် စည်းကမ်းမဲ့ ကွမ်းသွေးတွေ ကိုထွေးထုတ်တဲ့အခါမှာတော့ မြန်မာတွေရဲ့ ကွမ်း ရိုးရာဟာ ကဲ့ရဲ့ရှုတ်ချစရာတစ်ခု ဖြစ်လာပါတော့ တယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာဆိုရင် ‘ကွမ်းတံထွေးမထွေးရ’ ဆိုတဲ့ စာတန်းတွေအများအပြားချိတ်ဆွဲရေးသားထားပေမယ့် သဘောၤဆိပ်တွေ၊ ကားဂိတ်တွေ၊ ရထားဘူတာ တွေနဲ့ တိုက်ခန်းနံရံထောင့်တွေ၊ အဓိကလမ်းမ ကြီးတွေ၊ လမ်းမြောင်တွေစသလို နေရာအနှံအပြားမှာ ကွမ်းသွေးတွေနဲ့ ရဲရဲနီနေတာကို တွေ့မြင်နေရပါ တယ်။

“ရိုးရာတစ်ခုလိုပေမယ့် ကွမ်းသွေးတွေ နေရာ တကာ ထွေးနေကြတာကိုတော့ မဖြစ်စေချင်ဘူး။ ကျွန်မတို့နိုင်ငံမှာဆိုရင်ဘယ်နေရာမှာမဆိုထွေးနေကြ တယ်။ ကားပေါ်တွေကနေလှမ်းထွေးတာ လမ်း ပေါ်က လူတွေကိုတောင် လာစင်တယ်။ ကျွန်မ က လုံချည်ကို အရှည်ဝတ်တော့တစ်ခါကဆို ကွမ်းသွေးတွေပေလို့ ရေးဆေးချရတာ လုံချည် တစ်ပိုင်းလောက်ကို ဆေးလိုက်ရတယ်။ ပြီးတော့ အရမ်းရွံတယ်”လို့ အသက်၂၃နှစ်အရွယ် မနေခြည် က ကွမ်းသွေးနဲ့ ပတ်သက်တဲ့ သူမအတွေ့အကြုံ ကို ပြောပြပါတယ်။

ကွမ်းစားတာဟာ မြို့တော်ရဲ့ အင်္ဂါရပ်နဲ့ မညီတဲ့အပြင် လူငယ်တွေ အင်္ဂလိပ်စကားပြောတဲ့ အခါမှာလည်း ကွမ်းစားထားတဲ့ လျှာထူထူကြီးဟာ အင်္ဂလိပ်အသံထွက်အတွက် အနှောင့်အယှက်ကြီး တစ်ခု ဖြစ်စေပါတယ်။

“ကွမ်းကို လက်တည့်စမ်းတဲ့အနေနဲ့ စစား တာ။ အသက် ၂၀ လောက်တုန်းကပေါ့။ စစ စား ချင်းတော့မူးတယ်။ လူတွေက ချိုရှရှအရသာ ကြောင့် ကြိုက်ကြတယ်ထင်တယ်။ အမှန်တော့ အင်္ဂလိပ်စကားပြောတဲ့အခါ ကွမ်းစားထားရင် အဆင်မပြေဘူး။ ညစ်လည်း ညစ်ပတ်တယ်”လို့ အသက် ၂၆ နှစ်အရွယ် ကိုကောင်းစံက ဆိုပါ တယ်။

ကိုကောင်းစံက ခုခေတ်မိန်းကလေးတွေ ကွမ်းစားလာတာဟာလည်းကြည့်ရဆိုးစေတယ်လို့ ဆိုပါသေးတယ်။

“အမှန်ကတော့ မကောင်းမှန်းသိသိကြီးနဲ့ကို စားမိတာဗျ၊ တစ်နေ့ကို သုံး၊ လေးယာ စားရာက စတာပဲ။ ဒီလိုနဲ့ တစ်နေ့ကို လေး၊ ငါးရာဖိုးလောက် အထိဖြစ်လာတာပေါ့။ သွားတွေလည်း အရမ်း ရုပ်ဆိုးတဲ့အပြင် လူမြင်လည်း မတင့်တယ်ပါဘူး။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ၊ ကွမ်းက စွဲသလို ကိုဖြစ်နေတာ”လို့ ဂျာနယ်အတော်များများမှာ အချိန်ပိုင်းလုပ်နေတဲ့ အသက် ၃၄ နှစ်အရွယ်ရှိ လုပ်သက်ရင့် ဒီဇိုင်နာတစ်ဦး ကိုလတ်က ပြောပါ တယ်။

ကွမ်းစားကြတဲ့သူတွေဟာ ကွမ်းစားရင် ဖြစ်တတ်တဲ့ ဆိုးကျိုးတွေ၊ ကျန်းမာရေး ထိခိုက် မှုတွေ၊ တားမြစ်ချက်တွေကို သိနေပေမယ့် ကွမ်းရဲ့ အရသာကို စွဲလမ်းပြီး စားသုံးနေကြဆဲဖြစ်တာကို တွေ့ရပါတယ်။

“ကျွန်တော့် အသက်က ၂ဝရှိပါပြီ။ ဒါပေမဲ့ အရင်တုန်းက ကွမ်းအရမ်းစားတော့ ရုပ်ရင့်လာတာ။ ရှိရင်းစွဲထက်အသက်ပိုကြီးလာတယ်လို့နေရတယ်။ ကွမ်းကို ကြိုက်လို့ စားတာ။ တစ်နေ့ကို ၃၀၀ဝဖိုး လောက်ကို စားတာ။ ကွမ်းက အရမ်းစွဲတယ်။ ပြီး တော့ ကွမ်းထဲထည့်စားတဲ့ ဆေးတွေကလည်း အစုံပဲ” လို့ ကွမ်းစားတာကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ လာတာကို အသက်၂ဝအရွယ် ကိုအေးမင်းထွန်း က ပြောပြပါတယ်။

“ကွမ်းစားတာဟာ မကောင်းဘူး။ အရည်မရ အဖတ်မရပေါ့။ ဆေးပညာရှုထောင့်က ပြောရရင် ပါးစောင်ကင်ဆာ၊ လျှာကင်ဆာတို့လို ကင်ဆာအထိဖြစ်နိုင်တယ်။ ပြီး ဆေးရွက်ကြီးပါတဲ့ အတွက် အဆုတ်ပါထိနိုင်တယ်။ သွားနဲ့ပတ်သက် တဲ့ရောဂါတွေလည်း အကုန်ဖြစ်နိုင်တယ်။ ကျောက် တည်တဲ့ရောဂါလည်း ဖြစ်နိုင်ပါတယ်” လို့ ဆရာဝန် တစ်ဦးဖြစ်သူ အသက်၂၄နှစ်အရွယ် မသဥ္ဇာအောင် က ကွမ်းစားလို့ ကျန်းမာရေးထိခိုက်နိုင်တာကို ပြောပြပါတယ်။

ရှေးမြန်မာတို့ ကွမ်းစားသုံးတာဟာ သဘာ၀ဆေးနဲ့ အိမ်မှာ ကိုယ်တိုင်ယာ စားတာ ဖြစ်ပြီး ဒီနေ့ခေတ်လို ထည့်သွင်းစားသုံးစရာ ဆေးအမယ် မများလှတာမို့ ကျန်းမာရေးထိခိုက်မှု သိပ်မရှိလှပါဘူး။ ဒီနေ့ခေတ် ကွမ်းစားသုံးတာ မှာတော့ ဆေးအမျိုးမျိုး၊ ဓာတုဗေဒနဲ့ပြုလုပ်ထားတဲ့ ဆေးပေါင်းအမျိုးမျိုးအဖုံဖုံပေါ်ထွက်လာတာမို့ ကွမ်း စားတာဟာ ကျန်းမာရေးရှုထောင့်အရ ထိခိုက်မှု ရှိလာပါတယ်။

မကြာသေးခင်ကာလကတောင် နယ်ခြားက လာတဲ့ ကွမ်းပေါင်းထုပ်တွေ စားပြီး မြန်မာလူငယ် နှစ်ဦး အသက်ဆုံးတဲ့အဖြစ် ရှိခဲ့ပါသေးတယ်။ဒါကြောင့်မို့ မြန်မာ့ရိုးရာကွမ်းကို စားတဲ့ အခါမှာလည်း မြန်မာ့ရိုးရာနည်းအတိုင်း အန္တရာယ် မဖြစ်အောင် စားသုံးပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ လည်း အနီရောင်ကွမ်းသွေးတွေ မလွှမ်းအောင် ဆင်ခြင်စားသုံးသင့်တယ်လို့ အကြံပြုရင်း……….။

ဆွေငြိမ်းအေး၊ချမ်းငြိမ်းဖြူ  (June 9, 2011)